နေပြည်တော် ဧပြီ ၁၉

 

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနား မြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် မြို့တွင်းနေရာများနှင့် သာသနိကအဆောက်အအုံများအား ကွင်းဆင်း ကြည့်ရှုသည်။

 

ဦးစွာ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ဗိုလ်တောက်ထိန်လမ်းနှင့် ဗိုလ် ချုပ်လမ်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အအုံများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဝင်က ပျက်စီးခဲ့သည့် အဆောက်အအုံများအား စနစ်တကျဖယ်ရှား ရှင်းလင်း နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင် ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်အတွင်းရှိ နံတော်စဉ် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးကုသလအား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး ကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘုံမြင့်ကျောင်းတိုက်၊ မစိုးရိမ်ပရိယတ္ထိ စာသင်တိုက်နှင့် ရတနာဘုမ္မိသာရ ကျောင်းတိုက်များသို့ သွားရောက်ကာ ဘုန်းတော်ကြီးကျောင်းများအတွင်း သိမ်ကျောင်းနှင့် ကျောင်းဆောင်များ ပျက်စီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပျက်စီးအဆောက်အအုံများ ဖယ်ရှားရှင်းလင်းရေးနှင့် စနစ်တကျ ပြန်လည်တည်ဆောက်ရေးများတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)