နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ  ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူများနှင့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဧပြီ ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါ လာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့် ရှောက်မှုပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော် များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေ အနေများကို မေးမြန်းလျှောက်ထားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။

 

ထောက်ပံ့ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကား ပြောကြားကာ စားသောက် ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

မေးမြန်းအားပေးစကားပြော

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေ များကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေး စကားပြောကြားကာ အရာရှိ၊ စစ်သည် များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

လက်ဆောင်ပစ္စည်းများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူး ကြပ်မတ်ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါး နှင့် အရပ်သားပြည်သူနှစ်ဦးတို့အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပေးအပ်သည်။

 

အလှူတော်ငွေများ ဆက်ကပ်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှု ခံယူလျက်ရှိ သည့် သာသနာနွယ်ဝင် သီလရှင်ဆရာကြီး နှစ်ပါးအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြသည်။

 

ဆောင်ရွက်ပေးသွားမည်

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာ ဒေသအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးနိုင်မှုအနေဖြင့် ဆေးရုံများသို့ ပြင်ပလူနာအဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု ပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၄၇၆ ဦးတို့ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ရောဂါသက်သာ ပျောက်ကင်းသည်အထိ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်