နေပြည်တော် ဧပြီ ၂၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်စက်မှု နယ်မြေရှိ သံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေ၊ စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်မှုများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က အဆိုပါ ထိခိုက်ပျက်စီးမှုများ အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများများစွာ လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းရှိ ဘိလပ်မြေ စက်ရုံများ၊ သံ/သံမဏိ စက်ရုံများ၊ အမိုး၊ အမိုးပြားစက်ရုံများ၊ အထပ်သားစက်ရုံများ၊ အုတ်စက်ရုံများ စက်စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ပံ့ပိုးဆောင် ရွက်ပေးရန် လမ်းညွှန်မှုပြုထား ကြောင်း၊ ထို့ကြောင့် စက်ရုံ၏ ထိခိုက်ပျက်စီးမှုများနှင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအား အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ခြင်းသည် ပြည်သူများ၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ပစ္စည်းကိရိယာများ စစ်ဆေး ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးရေးအတွက် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး အတွက် ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ မှုနှင့် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြံ့နှစ်ကောင် ဘိလပ်မြေ စက်ရုံတွင် တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ စီ ထုတ်လုပ်နိုင်သည့် လိုင်းနှစ်လိုင်း တပ်ဆင်ထားရှိပြီး ကုန်ထုတ်လိုင်း တစ်လိုင်းအား မေ ၁၅ ရက်တွင် ပြန်လည်လည်ပတ်နိုင်ရေးဦးတည်၍ စစ်ဆေး ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စက်မှုဝန်ကြီးဌာနနှင့် Myanmar Conch Cement Co.,Ltd တို့ အကျိုးတူ ပူးပေါင်း၍ ဘိလပ်မြေများထုတ်လုပ်လျက်ရှိသည့် အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးသင်းဖိုအား ပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိခိုက်ပျက်စီးခဲ့ သည့် စက်ပစ္စည်း၊ အဆောက်အအုံများအား သတ်မှတ်အချိန်တွင် ပြီးစီးရေးအတွက် လက်တွေ့ကျသည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စက်ရုံအား သတ်မှတ်အချိန်မတိုင်မီ လည်ပတ်နိုင်ရေးအတွက် စစ်ဆေး ပြုပြင်ခြင်း လုပ်ငန်းများကို နေ့ဆိုင်း၊ ညဆိုင်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်း ပျက်စီးခဲ့သည့် အခြေအနေ များကို သင်ခန်းစာဖော်ထုတ်၍ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့် အချိန်ဖြစ်သဖြင့် ဘိလပ်မြေများ ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံပြန်လည်လည်ပတ်ရေးဆောင် ရွက်နေသည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေများကို စက်စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ် ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အမှတ်(၇)အထည် စက်ရုံခွဲ(ဝမ်းတွင်း)သို့ ရောက်ရှိပြီး ငလျင်လှုပ်ခတ်မှု ကြောင့် စက်ရုံအတွင်းပျက်စီးခဲ့သည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြိုကျခဲ့သည့်အဆောက် အအုံများအား ရှင်းလင်းဖယ်ရှား နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေး သတိပြုဆောင်ရွက်ရန်၊ အန္တရာယ်ရှိ အဆောက်အအုံများကိုလည်း သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားရန်၊ ငလျင်လှုပ်ခတ်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဝန်ထမ်းများအား ကျန်းမာရေးကောင်းမွန်သည်အထိ ဆေးဝါးကုသမှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေး ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်