နေပြည်တော်၊ ဧပြီ ၂၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂)ရပ်ကွက်၊ တပေါင်းကွင်း၌ မြေငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစခန်းအတွင်း၌ ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ငလျင်ဒဏ်ကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသွားသူများ အား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည် စိစစ်ထုတ်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စာရင်းပြုစုရယူဆောင်ရွက်ရေးမှာကြားကာ ကယ်ဆယ်ရေး စခန်းမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရယူနိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ပေးရေး ရှင်းလင်းဆွေးနွေးပြောကြားပြီး ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအားလိုအပ်ချက်များမေးမြန်း၍ နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယင်းနောက် ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံး၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးတို့သို့ သွားရောက်၍ ငလျင်ဒဏ ်ကြောင့် ရုံးအဆောက်အဉီနှင့် ရုံးခန်းများထိခိုက်ပျက်စီးမှု၊ ရုံးပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံး၏ ရုံးခန်းများအခြေအနေနှင့် အဆိုပါရုံးဝန်းအတွင်း ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူးရုံး ယာယီရုံးဖွင့်လှစ် ထားရှိမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးနှင့် ဥတ္တရ သီရိမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ဦးစီးမှူးရုံးမြေနေရာ၌ ယာယီရုံးဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှုအခြေအနေများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူကိုဝန်ဆောင်မှုပေးသည့် ဌာနဖြစ်သည်နှင့်အညီ ယာယီရုံးအမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ ငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ပျက်စီး၊ ပျောက်ဆုံး သွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည်စိစစ်ထုတ်ပေး နိုင်ရေးနှင့် e-ID စနစ်အတွက် Unique ID နံပါတ် ထုတ်ပေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေး နိုင်ရေး၊ ယင်းလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပျက်စီး၊ ပျောက်ဆုံးမှုစာရင်းများ ပြုစုဆောင်ရွက်နိုင်ရေးမှာကြားကာ လုပ်ငန်းလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)