နေပြည်တော် ဧပြီ ၂၅
တပ်မတော်တွင် နဝမအကြိမ် မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှု (ပထမနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး (ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ရာ အဆိုပါ အသည်းအစားထိုးခွဲစိတ် ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ်တို့ကို ခွဲစိတ်ကုသခြင်းဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်း ထုတ်ယူခြင်းကို နံနက် ၉ နာရီ အချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၃ နာရီခွဲခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသ ခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီခန့် ကြာမြင့်ခဲ့ ကြောင်း သိရှိရသည်။ အသည်း အလှူရှင်နှင့် အသည်းလက်ခံ လူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူး ကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ခွဲစိတ်ကုသမှုများကို ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်
တပ်မတော်တွင် ပထမ အကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် အသည်းအစားထိုး လူနာနှစ်ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုး ခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦး၊ ၂၀၂၄ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု သုံးကြိမ်၊ လူနာကိုးဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း လူနာသုံးဦးတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခု နဝမအကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်