ရန်ကုန်       ဧပြီ      ၂၆

 

အရှေ့တောင်အာရှနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ငှက်မျိုးစိတ်ကြွယ်ဝ၍ ငှက်အများဆုံးတွေ့ရှိရသော နိုင်ငံတစ်နိုင်ငံအဖြစ် ကျော်ကြားလျက်ရှိပြီး ယင်းငှက်မျိုးစိတ်များတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၂ မျိုးသည် ရာသီအလိုက်  မိုးယွန်း ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဝင်ရောက် ကျက်စားလေ့ရှိကြောင်း သိရသည်။

 

မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဥပန်း၊ ခရုစုပ်ခေါင်းမဲ၊ ငှက်ကျား၊ ကြိုးကြာ၊ မြစ်တွေး၊ ငှက်ကြီးဝန်ပို၊ နှုတ်သီးရှည်ညို၊ ချည်ခင်စွပ်၊ ဘဲနီစပ် စသည့်ရေပျော် ငှက်နှင့် လင်းယုန်၊ စာဝါ၊ ဗွတ်မွဲစသည့် ကမ္ဘာ‌‌ပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသည့် ငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားလျက်ရှိရာ ဆောင်းရာသီ၌ ရေပျော်ငှက်နှင့်အခြား ငှက်မျိုးစိတ်များ ပိုမိုဝင်ရောက် ကျက်စားလေ့ရှိကြောင်း သိရသည်။

 

ဘေးမဲ့တောအတွင်း ဌာနေငှက်နှင့်ရွှေ့ပြောင်းငှက်များကို နှစ်စဉ်စာရင်းကောက်ယူ၍ ရေဝပ်‌ဒေသ ရှင်သန်တိုးတက်မှုနှင့် ဂေဟစနစ်ကြွယ်ဝမှုတို့ကို ဆန်းစစ်လေ့ရှိပြီး ထိုသို့ လေ့လာဆန်းစစ်ခြင်းဖြင့် အင်းအတွင်းကျရောက်သော ငှက်မျိုးစိတ်များကို မှတ်တမ်း တင်နိုင်ခြင်း၊ ရေဝပ်ဒေသဂေဟစနစ်အား ငှက်ဝင်ရောက်ပေါ်မူတည်၍ ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်း၊ ရှားပါး၊ မျိုးသုဉ်းလုနီးပါးနှင့် မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော ငှက်မျိုးစိတ်များကို လေ့လာမှတ်တမ်းတင်နိုင်ခြင်းနှင့် ဆောင်းခိုငှက်နှင့် ဌာနေရေပျော်ငှက် မျိုးစိတ်တို့၏ အလေ့အထနှင့် ရေဝပ်ဒေသ ဂေဟစနစ်ဆက်သွယ်မှုကို သိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ဘေးမဲ့တောအင်းအတွင်းနှင့် ဆက်စပ်ဧရိယာ များတွင် ငှက်မျိုးစိတ် ၁၁၅ မျိုးမှ ကောင်ရေ ၂၀၂၃၂ ကောင်ခန့် တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။ အစာရေစာပေါများသော မိုးယွန်းကြီး အင်းနှင့် ဆက်စပ်ဧရိယာတို့တွင် စစ္စလီ၊ ဘဲရစ်၊ ဘဲပြာ ကလေး၊ ခရုတုပ်ငှက်တို့ အုပ်စုလိုက်များပြားစွာ ကျရောက်ကျက်စားခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ထိုနှစ်တွင် ငှက်မျိုးစိတ် လေးမျိုးမှကောင်ရေ ၆၄၄ ကောင်ခန့်လျော့နည်းခဲ့ကြောင်း၊ အဆိုပါနှစ်တွင် ဆောင်းခိုငှက်မျိုးစိတ် ၃၀ တွင် ကောင်ရေ ၃၇၀၂ ကောင်၊ ဌာနေငှက် ၁၉ မျိုးတွင် ကောင်ရေ ၈၉၈၇ ကောင်၊ ကုန်းငှက်မျိုးစိတ် ၆၆ မျိုးတွင် ကောင်ရေ ၇၅၁၃ ကောင်တို့ဖြင့် စုစုပေါင်း ငှက်မျိုးစိတ် ၁၁၅ မျိုးတွင် ငှက်ကောင်ရေ ၂၀၂၃၂ ကောင်ကို မှတ်တမ်းပြုစုနိုင်ခဲ့သည်။

           

ဓာတ်ပုံ-ဇွဲမာန် 
 သစ္စာ(
MNA)