နေပြည်တော် ဧပြီ  ၂၆

 

နေပြည်တော်ကောင်စီနယ်မြေ၏ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အားကစားခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဌာနတာဝန်ရှိသူများနှင့် မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်စေရေး အားပေးမြှင့်တင်ရန် ဝန်ကြီးဌာန၏ စီမံဆောင်ရွက်နေမှု၊ ဒေသနေပြည်သူများ အာဟာရ ပြည့်ဝသည့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းချိုသာစွာစားသုံးနိုင်ရေး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာရေး အတွက် ပုဂ္ဂလိကကဏ္ဍမြှင့်တင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရေးလုပ်ငန်းနှင့် အသား ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင် ဆွေးနွေး ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ ပုဂ္ဂလိက အသားတိုးဝက် မွေးမြူရေးခြံ၌ အသားတိုးဝက်နှင့် အသားတိုးကြက်များ မွေးမြူထားရှိသော မွေးမြူရေးခြံများကို လည်းကောင်း၊ သရက်ခုံကျေးရွာရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် မွေးမြူမှုစနစ်များ၊ ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာများ ပညာပေးဆွေးနွေး မှာ ကြားသည်။

 

ယင်းနောက် အလယ်ကျွန်းအုပ်စု၊ သစ်ခေါက်ခွရွာ ပုဂ္ဂလိက ငါးမွေးမြူရေးကန်၌ လယ်ဝေးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ(၄၁)ဦးနှင့်တွေ့ဆုံ၍ အာဟာရပြည့်ဝ‌သော ငါးအသားရိက္ခာကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ကြစေရန်နှင့် သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးဆိုင်ရာများကိုဆွေးနွေးမှာကြားပြီး ငါးမွေးမြူရေးတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

(သတင်းစဉ်)