နေပြည်တော် ဧပြီ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများအနက် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများပြန်လည်နေထိုင်မှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့်သတ်မှတ်ထားသည့် ဇမ္ဗူသီရိမြို့နယ်ရှိ အရာထမ်း အိမ်ထောင်သည်များနေထိုင်သည့် ကံကော်အိမ်ရာတိုက်အမှတ် (၂၆၀) နှင့် သဇင်(၇) အဆောင်(၃) အပျိုဆောင်နှင့် သဇင်(၄) အဆောင်(၈)၊ အဆောင်(၉) အပျိုဆောင်များတွင်လည်းကောင်း၊ သပြေ(၄)အဆောင်(၁)၊ အဆောင် (၁၆)လူ ပျိုဆောင်များတွင်လည်းကောင်း သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ ပြန်လည်နေထိုင် နေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေးနှင့် ပြုပြင်ပေးရန်လိုအပ်သည့်အပိုင်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေး သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒဏ္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝန်းအတွင်း ဆောက်လုပ်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယာယီဘာရှာလိုင်းခန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း ဆောက်လုပ်ထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ယာယီပြောင်းရွှေ့နေထိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)