နေပြည်တော် ဧပြီ ၂၆

 

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်း များနှင့် မိသားစုဝင်များအတွက် ပြည်တွင်း၊ ပြည်ပမှအလှူရှင်များက ထောက်ပံ့ငွေများနှင့် အစားအသောက်များ၊ ဆေးပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်လှူဒါန်း လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

 

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ဇဗ္ဗူသီရိမြို့နယ်ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ယာယီ နေထိုင်နိုင်ရန် ပြင်ဆင်နေရာချထားပေးသည့် အစိုးရစက်မှုလက်မှုသင်တန်း ကျောင်းအနီးရှိ ယာယီ တည်းခိုရေးစခန်းသို့ သွားရောက်၍ ပြောင်ရွှေ့နေရာချထားပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလမရောက်မီ အမိုးအကာအောက်သို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ အပြာရောင်အဆင့် သတ်မှတ်ချက်ပါ ဝန်ထမ်း အဆောင်များသို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်မွမ်းမံရာတွင် သတ်မှတ်ထားသော SOP ပါ စံသတ်မှတ် ချက်များအတိုင်း အရည်အသွေးမှန်ကန်စွာဖြင့် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောလျင်စွာ ပြီးစီးအောင် ဆောင်ရွက်ကြရေး တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)