၁၁ မတ် 

ကျွန်တော်ဟာ အခါအခွင့်ရတိုင်း စာသင်တယ်။ ဟောပြောပွဲတွေ လုပ်ပေးတယ်။ တက္ကသိုလ်ကျောင်းတွေမှာ လုပ်ခဲ့သလို အပြင်လည်းလုပ်ပေးခဲ့တယ်။ အမှန်တော့ အခုလို မျှဝေရင်း တက်ရောက်လာ သူတွေရဲ့ အသိတရားကို မြင့်မားစေချင်တယ်။ ကျွန်တော့်ရဲ့ ပညာရပ်ဟာ စီမံခန့်ခွဲမှုမို့ အသိတရားတိုးရုံမဟုတ်ဘဲ အတတ်ပညာကိုလည်း ရစေချင်တယ်။ လွယ်လွယ်ပြောရရင် သိခြင်းနဲ့ တတ်ခြင်းကိုအားပေးချင်တာ။ တချို့က သိပေမယ့် မတတ်ကြဘူး။ တချို့ကျတော့လည်း တတ်ပေမယ့် မသိကြပြန်ဘူး။ ဒါကြောင့် အသိနဲ့ အတတ်ကို တွဲဖက်နေစေချင်တယ်။ တစ်ခုတော့ ရှိတယ်။ သိရုံတတ်ရုံနဲ့မလုံလောက်ပြန်ဘူး။ ဆန္ဒပါမှ ဖြစ်တာ။ ဒါကြောင့် အသိအတတ်နဲ့ ဆန္ဒပေါင်းစပ်ဖို့လိုတယ်။ စိတ်မပါရင် ဘယ်လောက်သိသိ၊ ဘယ်လောက်တတ်တတ်၊ အလကားပဲ။ ဆန္ဒကိုတော့ ကျွန်တော်မလုပ်ပေးနိုင်ဘူး။ မပို့ချနိုင်ဘူး။ သင်ယူခံယူတဲ့သူရင်ထဲမှာ ပေါ်လာမှဖြစ်တယ်။

အပျော့နဲ့အမာ

အသိအတတ်နဲ့ ဆန္ဒကို ပုံစံတစ်မျိုးနဲ့ သုံးတယ်။ အသိဆိုတာက ဦးခေါင်းကို အာရုံပြုတာ။ အတတ်ကတော့ လက်တွေ့ကို ဦးစားပေးပြီး ဆန္ဒကတော့ နှလုံးသားကို နှိုးဆွတာ။ ဒါကြောင့် ကျောင်းဆရာတစ်ယောက်အနေနဲ့ တပည့်တွေရဲ့ဦးနှောက်ရယ်၊ တပည့်တွေရဲ့ လက်တွေ့ရယ်၊ တပည့်တွေရဲ့နှလုံးသားတွေကို ထိတွေ့နိုင်အောင် အမြဲကြိုးစားပါတယ်။

အသိအတတ်နဲ့ ဆန္ဒကို ပုံစံတစ်မျိုးနဲ့ သုံးသပ်ရင် အမာနဲ့အပျော့လို့ ခွဲခြားနိုင်တာ။ တတ်တာက အမာဖြစ်ပြီး သိတာနဲ့ဆန္ဒက အပျော့လို့ ယူဆနိုင်တယ်။ ဆေးပညာပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပညာပဲဖြစ်ဖြစ်၊ စာရင်းကိုင်ပညာပဲဖြစ်ဖြစ်ပညာရပ်တိုင်းမှာ အတတ်ကို ဦးစားပေးတယ်။ တစ်နည်းပြောရင် အမာကို ဇောင်းပေးတယ်။ ပညာရပ်နဲ့ပတ်သက်ပြီး ပြီးပြည့်စုံအောင် တတ်ဖို့လိုကြောင်း ဆုံးမတယ်။ ဒါကြောင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေမှာ အမာတွေကိုဖိသင်တယ်။

အမာဟာ အရေးကြီးတယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။ ခွဲစိတ်ပညာမတတ်ဘဲနဲ့ ခွဲစိတ်ဆရာဝန် မဖြစ်နိုင်ဘူး။ ဗိသုကာပညာ မကျွမ်းကျင်ဘဲ အင်ဂျင်နီယာမဖြစ်နိုင်ဘူး။ ဥပဒေပညာ မကျွမ်းကျင်ဘဲ ရှေ့နေတရားသူကြီးမဖြစ်နိုင်ဘူး။ ဒါပေမယ့်ဆေးပညာ ထူးချွန်ပေမယ့် ဆက်ဆံရေးအားနည်းရင် လူနာတွေရှိမှာ မဟုတ်ဘူး။ ဥပဒေပညာ ကျွမ်းကျင်ပေမယ့် အမှုသည်တွေနဲ့ အဆင်ပြေအောင် မဆက်ဆံနိုင်ရင် အမှုသည်ရမှာ မဟုတ်ဘူး။ ခက်တာက အပျော့ပညာကို ဘယ်တက္ကသိုလ်၊ ဘယ်ကောလိပ်မှ မသင်ပေးဘူး။ သင်ပေးဖို့လိုအပ်ကြောင်းကိုလက်မခံဘူး။ သိတောင်မသိဘူး။ ဒါကြောင့်လည်း ပညာမှာ ထူးချွန်ပေမယ့် အလုပ်မှာ မအောင်မြင်တဲ့သူတွေ အများကြီး ရှိနေတာ တွေ့ရတယ်။ ကျွန်တော်ကတော့ တစ်ဖက်က အမာ တွေ သင်သလို တစ်ဖက်က အပျော့တွေ သင်စေချင်တယ်။

အပျော့ကို ပျော့ညံ့မှုလို့ထင်ကြဒါပေမယ့် အပျော့လို့ပြောရင် လူတွေက အထင်သေးတယ်။ ပျော့ညံ့မှုနဲ့ ယှဉ်တွဲတယ်။ ငယ်ငယ်ကတည်းက ကလေးတွေကို မာဖို့သင်တယ်။ စိတ်ဓာတ်ခိုင်မာရမယ်။ ပျော့ညံ့တာဟာ မကောင်းဘူးဆိုပြီး ရိုက်သွင်းခဲ့တယ်။ အမှန်တော့ အမာတွေက သင်ရတာလွယ်ပြီး အပျော့က သင်ရတာခက်တယ်။ ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင်များကို အပျော့ပညာသင်ပေးတယ်။ အရေးကြီးဆုံး အပျော့ပညာက EQ လို့ခေါ်တယ်။ 

ခံစားမှုနဲ့ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်ဖို့ဖြစ်တယ်။ ကလေးတစ်ယောက်ကို တော်တယ်လို့ပြောရင်ဉာဏ်ရည်ထက်မြက်မှုကို ရည်ညွှန်းတာ။ တစ်နည်းပြောရင် IQ မြင့်သူလို့ ပြောတာ။ ဒါပေမယ့် စာတော်တိုင်း ဘဝမှာ မအောင်မြင်ကြဘူး။ ဒါကြောင့် လူတစ်ယောက်မှာ IQ ဟာ အရေးပါသလို EQ ဟာ အရေးကြီးကြောင်း အသိအမှတ်ပြုလာကြတယ်။ EQ ရဲ့ အခြေခံက ကိုယ့်အကြောင်း သိခြင်း ဖြစ်တယ်။ လူတွေက ကိုယ့်အကြောင်းကို သိတယ်လို့ထင်ပေမယ့် အမှန်တော့ အပြည့်အဝမသိနိုင်ပါဘူး။ အခုလိုကိုယ့်အကြောင်းကိုသိတဲ့ အခြေခံကတစ်ဆင့် ကိုယ့်ကိုယ်ကုထိန်းသိမ်းနိုင်စွမ်းရှိရမယ်။ တစ်ဖက်က ကိုယ့်အကြောင်း ကိုသိအောင် ကြိုးစားသလို သူများအကြောင်း သိနိုင်အောင်လည်း အားထုတ်ရမယ်။ ဒါမှ ဆက်သွယ်ဆက်ဆံရေးပြေလည်နိုင်မှာသာဖြစ်တယ်။

သူ့နေရာမှာနေကြည့်နိုင်တဲ့ သတ္တိရှိဖို့လိုကိုယ်ချင်းစာတရားဟာ EQ ရဲ့ အနှစ်သာရပဲ။ လူတွေဟာ အတ္တသမားတွေ ဖြစ်ကြတယ်။ ဒါပေမယ့် တစ်ဖက်သား အတွက်လည်း စဉ်းစားရမယ်။ ကိုယ်ချင်းစာတရား ရှိရမယ်။ 

သူ့နေရာမှာနေကြည့်နိုင်တဲ့ သတ္တိရှိရမယ်။ ကျွန်တော်စိတ်မကောင်းဖြစ်မိတာက အခုချိန်မှာ ကိုယ်ချင်းစာစိတ်တွေခေါင်းပါးနေတာ တွေ့ရတယ်။ တစ်ဖက်သတ် အစွန်းတရားကိုလက်ခံနေကြတယ်။ အမုန်းတရားတွေနဲ့ အရာရာကို ဖြေရှင်းချင်ကြတယ်။ ကိုယ့်ဘက်က မှန်သလို သူ့ဘက်ကလည်း မမှား ဘူးဆိုတာကို လက်ခံနိုင်ရမယ်။ အခုတော့ သုညကြွင်းတဲ့ကစားပွဲကို ကစားနေကြတယ်။ “ငါနိုင်ဖို့ မင်းရှုံးရမယ်” ဆိုတဲ့အယူအဆက လွှမ်းမိုးနေတာ။ “ငါလည်း နိုင်တယ်၊ မင်းလည်း မရှုံးဘူး” ဆိုတာမျိုး စဉ်းစားဖို့လိုတယ်။

EQ နဲ့ ပတ်သက်ရင် ပညာရှင်အချို့က အပိုင်းနှစ်ပိုင်းနဲ့ဖော်ပြကြတယ်။ ပထမပိုင်းကတော့ ကိုယ့်အကြောင်းကိုသိခြင်းဖြစ်တယ်။ စောစောက ပြောခဲ့တဲ့အတိုင်း ဒုတိယအပိုင်းက ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခြင်းဖြစ်တယ်။ အရာရာကိုမိမိဆန္ဒအရ ရွေးချယ်မှုဖြစ်သင့်တယ်။ သူများနဲ့ မဆိုင်ဘူး။ အောင်မြင်မှုမရှိရင် ကိုယ့်ကြောင့်ပဲ။ မိမိရဲ့ရွေးချယ်မှု မှားယွင်လို့ဖြစ်တယ်ဆိုတာကို လက်ခံရမယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေဟာ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့်ဖြစ်တယ်ဆိုတာ ဝန်ခံရဲရမယ်။ နောက်ဆုံးကတော့ ပေးဆပ်ခြင်းဖြစ်တယ်။ ဘဝဟာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဖြစ်တယ်။ ဒါကြောင့်အလုပ်လျှောက်တဲ့လူငယ်တွေကို ကျွန်တော်က အမြဲအားပေးတယ်။ ဒီအလုပ်ရရင် လခဘယ်လောက်ရမလဲ၊ ဘာအခွင့်အရေးတွေ ရမလဲဆိုတာ မမေးဘဲ၊ မစဉ်းစားဘဲ ကိုယ်က ဘာပေးဆပ်ရမလဲ၊ ဘာလုပ်ပေးရမလဲဆိုတာကို အာရုံပြုရမယ်။

ရေးကြီးတာက နားထောင်ဖို့လူတွေဟာ တစ်ယောက်တည်း နေလို့မရပါဘူး။ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ အခုလို ဆက်ဆံတဲ့အခါမှာ အရေးကြီးဆုံးကအပြောအဆိုနဲ့ နားထောင်မှုပဲဖြစ်တယ်။ ဆက်သွယ်ရေး အားနည်းမှုကြောင့် နားလည်မှုပျက်ပြားတယ်။ နားလည်မှုလို့ပြောရင် တူညီတဲ့နားလည်မှုကို ဆိုလိုတာ။ နားလည်မှုအားနည်းနေတာကြောင့် မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံမှာ မလိုအပ်တဲ့ပြဿနာတွေ ပေါ်နေတယ်။

နားလည်မှုမြင့်မားဖို့ အရေးကြီးတာက နားထောင်ဖို့ဖြစ်တယ်။ အမှန်တော့ နားထောင်တာဟာ မလွယ်ကူလှဘူး။ သူများပြောနေတာကို နားထောင်နေပေမယ့် စိတ်က တခြား၊ ပြောတာကို တစ်ဝက်လောက်ပဲကြားတာ။ နားထောင်တာ မဟုတ်ဘဲ ကိုယ့်အလှည့်ကျရင် ဘာပြောရမလဲဆိုတာကိုစာစီနေကြတယ်။ ဒါကြောင့်လည်း နားလည်မှုတွေ အားနည်း နေတာတချို့က နားထောင်တဲ့ အင်အားသိပ်နည်းတယ်။ ကိုယ်ကပဲ ပြောချင်တာ။ သူများပြောတာကို နားထောင်ရမှာ စိတ်မရှည်ဘူး။ အားလုံးသိနေတယ်လို့ ထင်တယ်။ ဒါကြောင့်ကျွန်တော်က အစည်းအဝေးတွေမှာ ၈၀ ရာခိုင်နှုန်း နားထောင်ပြီး ၂၀ ရာခိုင်နှုန်းပြောဖို့ သတိပေးခဲ့တာ။ အစည်းအဝေး တစ်နာရီကြာရင် ၄၈ မိနစ် နားထောင်ပြီး ကျန်တဲ့ ၁၂ မိနစ်လောက်သာ ပြောစေချင်တယ်။ အခုတော့ပြောင်းပြန်ဖြစ်နေတာ။ တစ်နာရီမှာ မိနစ် ၆၀ လောက်ပြောချင်တာ။ ကျန်တဲ့သူပြောတာကို နားထောင်စွမ်းမရှိဘူး။ ဒါကြောင့်လည်း နားလည်မှုတွေ လျော့ပါးနေတာ။ ကျွန်တော်ပြောတဲ့ ပုံသေနည်းကိုသုံးရင် အခြေအနေတွေချက်ချင်းပြောင်းနိုင်တယ်။ ဆက်သွယ်မှုဟာ အရေးကြီးသလိုပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးကြီးတယ်။ အားလုံးကို ကိုယ်တစ်ဦးတည်း တစ်ယောက်တည်းလုပ်လို့ မဖြစ်နိုင်ဘူး။ ကိုယ်နဲ့အတူ ဝိုင်းဝန်းဆောင်ရွက်မယ့်သူတွေနဲ့ ပူးပေါင်းရမယ်။ တစ်ကိုယ်တော်လုပ်တာဟာ ပင်ပန်းတယ်။

နှိမ့်ချမှုဟာ အရေးပါတဲ့အပျော့ပညာပူးပေါင်းဆောင်ရွက်ဖို့ အပေးအယူရှိရမယ်။ တစ်ဦးချင်း မှာရှိတဲ့ အရည်အချင်းတွေကို အသုံးချနိုင်ဖို့ လိုတယ်။ ကိုယ့်ထက်တော်တဲ့သူတွေ၊ ကိုယ့်ထက်တတ်တဲ့သူတွေအနားမှာရှိဖို့ အရေးကြီးတယ်။ ကိုယ့်နေရာကို အချိန်မရွေး အစားထိုးနိုင်သူတွေကို ရွေးချယ်ထားဖို့ လိုအပ်တယ်။ နှိမ့်ချမှုဟာလည်း အရေးပါလှတဲ့ အပျော့ပညာဖြစ်တယ်။ ကိုယ်မသိသေးတာ၊ မတတ်သေးတာကို လက်ခံနိုင်ရမယ်။ ကိုယ့်ထက်တတ်တဲ့သူတွေ၊ သိတဲ့သူတွေရှိတာကို အသိအမှတ်ပြုရမယ်။ နှိမ့်ချလို့ နိမ့်ကျတာ မရှိပါဘူး။

ကျွန်တော်က လူငယ်တွေရဲ့ သင်ယူခံယူမှု အမြဲအားပေးတယ်။ မသေမချင်း လေ့လာကြပါ၊ သင်ယူကြပါလို့တိုက်တွန်းတယ်။ ဘဝမှာ သိစရာ၊ တတ်စရာ၊ သင်စရာတွေအပြည့်။ မကုန်နိုင်ဘူး။ ဒါကြောင့် မရပ်စေချင်ဘူး။ ပညာ လောဘရှိစေချင်တယ်။ ဒါပေမယ့် အခုလို ပညာများများ တတ်လေလေ အများအတွက် ဘယ်လိုအလုပ်အကျွေးပြု ရမလဲဆိုတာကို အမြဲစဉ်းစားစေချင်တယ်။ အမှန်တော့လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အများအတွက် ဘာလုပ်ပေး နိုင်မလဲဆိုတဲ့ ပေတံနဲ့တိုင်းစေချင်လှတယ်။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်