နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြား၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၈

ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၁၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက် ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေး သော မန္တလေးမြို့၏ အရှေ့မြောက် ဘက် ၂ဝ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန် သော မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့ပြီး နောက်ဆက်တွဲ ငလျင် ငယ် သုံးခုခန့် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိသည်။

အဆိုပါ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင် ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦးများ ထိခိုက်ပျက်စီး ခဲ့ရကာ ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

 

mdn

 

ထိုသို့ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ငလျင်ဒဏ်သင့်နေရာ များအား ငလျင်လှုပ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးမကြာမီ နာရီပိုင်းအတွင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပင်လောင်းလမ်းဆုံ နေရာမှ နေပြည်တော်တိုင်း စစ်ဌာနချုပ် မီးပွိုင့်နေရာအထိငလျင်ဒဏ်ကြောင့် လမ်းတံတား ပျက်စီးခဲ့မှုများ၊ ရာဇဌာနီလမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမ ကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှု များအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး အများပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားရန်၊ လူအင်အား၊ ယာဉ်ယန္တရားအင်အား များကိုအသုံးပြု၍လမ်းကြောင်းများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ ဆေးဝါးကုသမှု ဆောင်ရွက်ပေး နေမှုများကိုကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက် ဒဏ်ရာရရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို အမြန်ဆုံးဆောင်ရွက် ပေးသွားနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး တို့ပူးပေါင်း၍ လျင်လျင်မြန်မြန် ဆောင်ရွက်သွားရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

 

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး

ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် နေပြည်တော်မြို့မဈေး အနီးရှိခရေဝန်ထမ်းအိမ်ရာ အတွင်း ငလျင်ဘေးဒဏ်သင့်မှု ကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာ များတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေ မှုများနှင့် သပြေကုန်းဈေးအတွင်း ရှိ ဆိုင်ခန်းများ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့မှုများကို ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် ပေးနေမှုများအား သွားရောက်ကြည့်ရှု၍ အဆောက် အဦးပျက်များအတွင်း ပိတ်မိနေသူများကို အမြန်ဆုံးကယ်ထုတ်နိုင် ရေးဦးစားပေးဆောင်ရွက်သွားရန်၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက် မည့်သူများအား ပစ္စည်းကိရိယာ စုံစုံလင်လင်ဖြင့် ဆောင်ရွက်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်သွားစေရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်