နေပြည်တော် ဧပြီ ၂၉

 

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိကာလအထိ အလှူငွေလက်ခံရရှိမှုအခြေအနေ၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် သုံးစွဲဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပြည်တွင်း၊ ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေး နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် Budget မှ ရန်ပုံငွေခွင့်ပြုချက်ရရှိထားမှု၊ ၂၀၂၁ ခုနှစ် မတိုင်မီကာလက ပြည်တွင်း၊ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိမှု၊ လက်ရှိကာလတွင် အကူအညီ၊ အထောက်အပံ့ရနိုင်ရေး ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေးဖြစ်ပွားပြီး ကာလအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၏ ရရှိ၊သုံးစွဲ၊ လက်ကျန် အခြေအနေ၊ ယခင်ကာလများတွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအတွက် ပြည်တွင်း၊ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိခဲ့မှု အခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှ အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်