နေပြည်တော် ဧပြီ ၂၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် အထက-၁ သို့ သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် အထက(ခွဲ) ရန်အောင်မြင်နှင့် ဇမ္ဗူသီရိမြို့နယ် အထက-၁၄ ကျောင်းများသို့ သွားရောက်ပြီး စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှု အခြေအနေများ၊ လေ့ကျင့်သင်ကြားပေးနေမှုများအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းများတွင် လိုအပ်သည့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျောင်းအိပ်၊ ကျောင်းစား နေထိုင်နိုင်ရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ နေထိုင်သင်ကြားနိုင်ရေး၊ ဆရာ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့‌ကြောင်း သိရသည်။

 

သတင်းစဉ်