နေပြည်တော် ဧပြီ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ရွှေဥဒေါင်းကျေးရွာရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်လုပ်ငန်း သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ လေယာဉ်ပျံစားသောက်ကုန်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုကို လည်းကောင်း၊ အပ်ချုပ်စက်သင်တန်းဆင်းသူများ အနက်မှ AT (အေတီ) အပ်ချုပ်ဆိုင်လုပ်ငန်းကို လည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်ငန်းများပိုမို အောင်မြင်စေရေး တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာသို့သွားရောက်ပြီး ကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း၌ ဂွေးပင်၊ ရှားတော၊ သဲဖြူ ကျေးရွာတို့မှ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အမှုဆောင်များ၊ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နွေစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေအရည်အသွေးကောင်းမွန်အောင် စနစ် တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းမရရှိပါက အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုး ချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးသွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နွေစပါးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောကျေးရွာအုပ်စု ရှားတောကျေးရွာသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေပေးနေမှု အခြေ အနေများကို လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော ရှားတော- ညောင်ပင်သာကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၁၈၀ ရှိ Submersible Bridge တည်ဆောက်နေမှု အခြေအနေ များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်