နေပြည်တော် ဧပြီ ၃၀

 

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၃၉၁/၀ မှ ၃၉၁/၁ အထိ(မြစ်ငယ်မြို့နှင့် မန္တလေးကြား) ၌ BOT စနစ်ဖြင့် လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သော်တာဝင်းကုမ္ပဏီမှ Thermoplastic ဆေးလိုင်းရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (မန္တလေး-နေပြည်တော်လမ်းပိုင်း)ရှိ အင်အားပြင်းငလျင် ကြောင့် ပြိုကျပျက်စီးသွားခဲ့သည့် မိုင်တိုင် အမှတ် ၃၅၈/၁ နှင့် ၃၅၈/၂ ကြားရှိ ဒုဋ္ဌဝတီတံတားကို ကြည့်ရှုပြီး မူလတံတားဟောင်းအစွန်းမှ ၁၀၅ ပေခွာ၍ ရေဆန်ဘက်တွင် လျာထားသည့် ဒုဋ္ဌဝတီတံတားအသစ် လျာထား အူကြောင်းနေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ စကားအင်းတိုးဂိတ်လမ်း အသုံးပြုခ ကောက်ခံနေမှုနှင့် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုးဂိတ်အဆောက်အအုံ အောက်ခြေအုတ်ခုံ ပြင်ဆင်နေမှု ကို လည်းကောင်း၊ မိုင်တိုင်အမှတ် ၃၄၉/၅ ၌ လမ်းအနိမ့်အမြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အင်အားပြင်း ငလျင်ဘေးဒဏ်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၃၄၆/၀ နှင့် ၃၄၆/၁ ကြားရှိ သမင်လွှဲရိုး ချောင်းတံတား၏ တံတားကမ်း ကပ်ခုံနှင့် ယက်မများကြား ထိခိုက်ပျက်စီးနေမှုနှင့် တံတားပေါ်တွင် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သုံးလွှာတစ်ထပ်အရှည်ပေ ၅၀ ယာယီဘေလီတံတား တပ်ဆင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ အမြန် လမ်းမကြီးသည် နိုင်ငံတော်အတွက် အရေးပါသည့် လမ်းဖြစ် ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးနှင့် ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်