ရန်ကုန် ဧပြီ ၃၀
ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီ ဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သည့် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် စေတီတော်မြတ်အား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်၏ အပျက်အစီးများ ရှင်းလင်းခြင်း၊ စေတီတော်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို စက်ယာဉ်ယန္တရား၊ ကရိန်းများဖြင့် စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မတ် ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စက် ယန္တရားများနှင့် လူနာတင်ယာဉ်များအတွက် စက်သုံးဆီအခမဲ့ လှူဒါန်းခြင်း၊ စက်ယန္တရားများအတွက် နေရာသို့ တိုက်ရိုက်စက်သုံးဆီများဖြည့်တင်းပေးခြင်း၊ ပျက်စီးသွားသောလမ်းများပြုပြင်ပေးခြင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသူ များအတွက် ထောက်ပံ့ကူညီပေးခြင်း၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်၊ သောက်သုံးရေများ လှူဒါန်းခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရန် မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် စုစုပေါင်း ခုတင် ၄၃၀ ဆံ့ ယာယီဆေးရုံများ အလျင်အမြန် တည်ဆောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သလို လက်ရှိအချိန်တွင် ငလျင်ကြောင့်ပျက်စီးခဲ့သည့် နေရာဒေသများအား ရှင်းလင်းခြင်း၊ ပြန်လည်တည်ထောင်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှိုင်းထက်ဇော်
ဓာတ်ပုံ-ကိုမိုး