နေပြည်တော် မေ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ယနေ့နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မချမ်းဘောမြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက ပေးပို့လာသည့် တိုင်းဒေသကြီး/ပြည် နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့် လူဦးရေစာရင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စိစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျင်းပပြုလုပ်ရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မချမ်းဘောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းခန့်အပ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ကော်မရှင် အဖွဲ့ဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင်သည် မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး ဝန်ထမ်းများကို ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်၍ မချမ်းဘောမြို့နယ်အတွင်းရှိ လျာထားမဲရုံတည်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)