ရန်ကုန် မေ ၄
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် ၂၅ သိန်းကျော် လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ယင်းကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၄၆၁၄၆ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၂၅၅၀၁ ပါး၊ အမျိုးသား ၁၀၉၀၇၃၃ ဦး၊ အမျိုးသမီး ၁၃၁၀၉၀၉ ဦး၊ နိုင်ငံခြားသား ၁၃ဝ၅၅ ဦး၊ နိုင်ငံခြားသူ ၁၅၀၈၁ ဦး စုစုပေါင်း ၂၅၀၁၄၂၅ ဦး ဖြစ်သည်။
အဆိုပါ လေးလတာကာလတွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်မှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး လအလိုက်အများဆုံး ဝင်ရောက်မှုမှာ အများပြည်သူ ရုံးပိတ်ရက်များဖြစ်သည့် ဇန်နဝါရီ ၁ ရက် (နိုင်ငံတကာ နှစ်သစ်ကူးနေ့) တွင် ရဟန်းသံဃာ ပြည်သူ ၄၂၆၁၄ဦး၊ ဇန်နဝါရီ ၄ရက် (လွတ်လပ်ရေးနေ့) တွင် ၃၂၆၇၅ ဦး၊ ဖေဖော်ဝါရီ ၉ ရက်တွင် ၄၄၅၉၀၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ၄၃၆၇၆ ဦး၊ မတ် ၂ ရက် (တောင်သူလယ်သမားနေ့) တွင် ၈၈၆၃၅ ဦး၊ မတ် ၁၃ ရက် (တပေါင်းလပြည့်နေ့) တွင် ၁ဝ၆၉၄၉ ဦး၊ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် ၁၀၃၀၉၆ဦး၊ ဧပြီ ၂၇ ရက်တွင် ၂၅၃၀၁ ဦး အများဆုံးလာရောက် ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ် ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက်မှစကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄နာရီမှ ည ၁၀ နာရီ အထိအချိန် တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)