ဆာနာ မေ ၄
ယီမင်နိုင်ငံအတွင်းရှိ ဟူသီအဖွဲ့ပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် အစ္စရေးနိုင်ငံအတွင်းရှိ ဘန်ဂူရီယွန် နိုင်ငံတကာလေဆိပ်အနီးသို့ ကျရောက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ယနေ့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ ယီမင်ရှိ အီရန်ကျောထောက် နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ကြေညာသည်။
အစ္စရေးတပ်မတော်က ဟူသီတို့ပစ်လွှတ်ခဲ့သည့် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူရီယွန်နိုင်ငံတကာလေဆိပ်အနီးသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
လေဆိပ်တွင် လေကြောင်းလိုင်းများ ပျံသန်းခြင်းကို ခေတ္တဆိုင်းငံ့ထားကြောင်း ဒေသတွင်းမီဒီယာများက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့အား အစ္စရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေချိန်တွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟူသီများသည် ဟားမတ်စ်တို့နှင့် စည်းလုံးညီညွတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အစ္စရေးဘက်သို့ ဒုံးကျည်များကို အကြိမ်ကြိမ်ပစ်လွှတ်ခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒုံးကျည်မပစ်လွှတ်မီ အစ္စရေးလေဆိပ်ကို အသုံးပြုမှုရပ်ဆိုင်းရန် လေကြောင်းလိုင်းအားလုံးကို သတိပေးသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အစ္စရေးပြည်သူများအား တိုက်ခိုက်သည့် မည်သည့်အဖွဲ့အစည်း မဆို တန်ပြန်တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်