ဆောင်းပါးရှင် - Iskander Azizov ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး

 

ဒီနှစ်က လက်ရှိရုရှားနိုင်ငံရဲ့ ယခင်ပြည်ထောင်စုကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အနှစ် (၈၀) ပြည့် အောင်ပွဲအထိမ်းအမှတ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ် မေလ ၉ ရက် မှာ ကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့အခမ်းအနားက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ပြည်သူများအတွက် အလွန်နက်ရှိုင်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ဒီစစ်ပွဲကြီးရဲ့အမှတ်တရက နိုင်ငံရဲ့သမိုင်းကြောင်းမှာ ရဲစွမ်းသတ္တိရှိမှုနဲ့ ဝမ်းနည်းစရာကောင်းမှုဆိုတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ တည်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီနဲ့ သူတို့ရဲ့ ဥရောပအဆွယ်အပွားတွေကို ချေမှုန်းနိုင်ခဲ့တဲ့ ဒီစစ်ပွဲကြီးမှာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ခြိမ်းခြောက်လတဲ့ ရန်သူတွေကို တိုက်ခိုက်ခြင်းဖြင့် အသက်ပေးလှူခဲ့ကြရသူ ဆိုဗီယက်စစ်သည်နဲ့ အရပ်သား စုစုပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ နှစ်ကာလတွေ မည်မျှပင်ကြာမြင့်လာသည်ဖြစ်စေ မေလ ၉ ရက်ကတော့ ရုရှားပြည်သူများအတွက် အောင်မြင်မှု၊ အမှန်တရားအတိုင်း အောင်နိုင်မှုနဲ့ ခံနိုင်ရည်ဇွဲ၊ လုံ့လတို့ကို ဖော်ကျူးနေတဲ့ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံးသော နေ့ရက်တစ်ရက်အဖြစ် ထာဝရ တည်ရှိနေမှာပါ။

 

ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာရဲ့ အစိုးရနဲ့ သူ့ဥရောပအဆွယ်အပွားတွေရဲ့ စစ်အင်အားကို အလုံးစုံ ပျက်သုဉ်းအောင် ချေမှုန်းနိုင်ဖို့အတွက် တိကျပြတ်သားပြီး အခြေခံကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲရဲ့ ပထမသုံးနှစ်တာ ကာလအတွင်းမှာ ဆိုဗီယက် ပြည်ထောင်စုက နာဇီဂျာမနီတို့ကို တစ်ကိုယ်တည်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး အဲဒီအချိန်တုန်းက သိမ်းပိုက်ခံထားရတဲ့ ဥရောပဒေသတစ်ခွင်လုံးဟာ နာဇီတပ်တော်ကြီးအတွက်သာ အလုပ်တွေလုပ်ခဲ့ရတာပါ။ ဂျာမနီတို့က လက်နက်ချအညံ့ခံသွားပြီးနောက် ဆိုဗီယက်ပြည်ထောင်စုက မဟာမိတ်များအပေါ်ပေးထားတဲ့ သူ့ရဲ့ကတိပြုမှုများကို လိုက်နာတဲ့အနေနဲ့ စစ်သွေး စစ်မာန်တက်ကြွနေတဲ့ ဂျပန်တို့ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ဂျပန်တို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်၊ ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံများဟာ ဘေးဒုက္ခပေါင်းများစွာသင့်ခဲ့ရတာပါ။

 

မိမိတို့အနေနဲ့ ဝင်ရိုးတန်းတပ်ဖွဲ့များဖြစ်တဲ့ နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနဲ့ ဂျပန်အင်ပါယာတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ တရုတ်နိုင်ငံမှ စစ်သည်များနဲ့ ထောက်ခံသူများအားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ ဒီလိုမျိုး စုပေါင်း စွမ်းအားတွေကြောင့်ပဲ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့တာပါ။ ဒါကြောင့် မိမိတို့က ဘုံရန်သူနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ အတူတကွလက်တွဲ လှုပ်ရှားမှုများနဲ့ မဟာမိတ်များရဲ့ အစဉ်အလာများကို ထာဝရအမှတ်ရနေမှာဖြစ်ပါတယ်။

 

မဟာအောင်ပွဲကြီးက အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာအားပေးမြှင့်တင်နိုင်ခဲ့ပြီး နယ်ချဲ့ကိုလိုနီ အမြစ်ပြတ်ချေမှုန်းရေး လုပ်ငန်းစဉ်ကိုလည်း စတင်လုပ်ဆောင်နိုင်စေခဲ့ပါတယ်။ ဥရောပ စစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစု နိုင်ငံများကို ချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင်ဗမာ) အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့ပါတယ်။ ဖဆပလ အဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက် မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှု အောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကို စုစည်းခဲ့တဲ့အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက် ကနေ လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာ ဖြစ်ပါတယ်။

 

အရေးအကြီးဆုံးသော ရလဒ်

ဒုတိယကမ္ဘာစစ်ကြီးကနေ ထွက်ပေါ်လာတဲ့ အရေးအကြီးဆုံးသော ရလဒ်များအနက် တစ်ခုမှာ ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အောင်နိုင်သူ အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက ဒီနှစ်မှာပဲ နှစ် (၈၀) ပြည့်မြောက်မယ့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းကြီးပေါ်ပေါက်လာဖို့နဲ့ ကောင်းစွာရပ်တည်နိုင်စေဖို့ ကြီးမားသော ကူညီထောက်ပံ့မှုတွေ ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နေရာတစ်ခုကို မှန်ကန်စွာ ရယူ ထားနိုင်တာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံက နောက်ထပ်ကမ္ဘာစစ်ပွဲကြီးတွေ ဖြစ်ပွားစေမယ့်

ကပ်ဆိုးကနေကမ္ဘာကြီးကို ဘေးကင်းအောင် ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် သမိုင်းကြောင်းအရ ရယူရမယ့် တာဝန်ဝတ္တရားကို နားလည်သိရှိထား ပါတယ်။ မိမိတို့ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ သဘောတရားက လက်ရှိထွန်းသစ်စ ဗဟုဝင်ရိုး ကမ္ဘာ့အခင်းအကျင်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ စုပေါင်းဆုံးဖြတ်ချက်ချမှု ဗဟိုပူးပေါင်း ဆောင်ရွက်မှုယန္တရားအဖြစ် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရေးအပေါ် ဦးစားပေးထားပါတယ်။ ဒီရည်မှန်းချက်ဆီ ဦးတည်သွားရာမှာ ရုရှားနိုင်ငံက တစ်ကမ္ဘာလုံးကိုအများစုအဖြစ် ကိုယ်စားပြုတဲ့ စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများနဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

ဒုတိယကမ္ဘာစစ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ မှာ ပြီးဆုံးခဲ့ပေမယ့်လည်း လက်ရှိကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြီးတွေမှာ သူ့ရဲ့ပဲ့တင်ထပ်သံ ကို ကြားယောင်နေရဆဲဖြစ်ပါတယ်။ အဲဒီပဋိပက္ခ တွေကို ဖန်တီးသူတွေက Das Dritte Reich ရဲ့ ဘာလင်စာအုပ်ထဲမှာ ဖော်ပြထားသလိုမျိုး မတူ ကွဲပြားသောဝါဒနဲ့ သာလွန်မှုကို ကြိုက်နှစ်သက်ပါတယ်ဆိုသောသူများဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ မူဝါဒကို လိမ်လည်လှည့်စားမှုနဲ့ လှည့်ဖြားမှုတို့ဖြင့် ဖုံးကွယ်ထားတဲ့ အနောက်အုပ်စုအင်အားကြီး နိုင်ငံများကြောင့် ဒုတိယကမ္ဘာစစ်ဆိုတဲ့အကြောင်းရင်းများ၊ အကျိုးရလဒ်များနဲ့ ပတ်သက်တဲ့ သမိုင်း အချက်အလက်အမှားတွေကို မိမိတို့အနေနဲ့ သိမြင်ခဲ့ကြရပါတယ်။ သူတို့က မျိုးနွယ်စုများကြား၊ ဘာသာရေး အသိုက်အဝန်းများကြား ဒေသတွင်း ပဋိပက္ခများဖြစ်ပွားအောင် မီးထိုးပေးခြင်းအားဖြင့် ရောမအင်ပါယာရဲ့ အဆိုအမိန့်ဖြစ်တဲ့ “သွေးခွဲအုပ်ချုပ် ဆိုတဲ့ဆိုရိုးစကားနဲ့အညီ တစ်ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်တွေကနေ အချုပ်အခြာအာဏာနဲ့ လွတ်လပ်သောနိုင်ငံများကို အခြားနိုင်ငံများနဲ့ခွဲထုတ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 

ဥရောပဒေသအနှံ့အပြားမှာ နာဇီဝါဒကို အမွှမ်းတင်ဖို့လုပ်ဆောင်တဲ့ကြိုးပမ်းမှုတွေကို ထင်ထင်ရှားရှား မြင်တွေ့လာရပါတယ်။ ဘောတစ်ဒေသနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံတို့မှာ ပြည်တွင်းနာဇီ ရာဇဝတ် သမားများနဲ့ ကြံရာပါပူးပေါင်းဆောင်ရွက်သူများ ပြန်လည်နိုးထလာခြင်းဟာ ဥရောပသမဂ္ဂရဲ့ တရားဝင်မူဝါဒနဲ့အညီဆိုသလိုဖြစ်လာပြီး ဒါဟာ နိုင်ငံရေးနဲ့ စိတ်ဓာတ်ရေးရာမှာ နိမ့်ကျခြင်းတို့ရဲ့ ထင်သာမြင်သာရှိသော ဥပမာများကို မျက်စိစုံမှိတ် ထားသလိုဖြစ်နေပါတယ်။

 

ထိုသို့ဆိုးလာသည့်တိုင်အောင် ယူကရိန်းနိုင်ငံအတွင်းရှိ နာဇီကိုလိုလားတဲ့ အစွန်းရောက် အမျိုးသားရေးအင်အားစုများကို အနောက်အုပ်စုမှ ခေါင်းဆောင်များက မသိမသာ အတည်ပြု ထောက်ခံပေးနေခြင်းကြောင့် ယူကရိန်းအစိုးရကိုယ်တိုင်က ရုရှားနိုင်ငံသားများ အများဆုံး နေထိုင်လျက်ရှိတဲ့ ဒေသများရှိ သာမန်ပြည်သူများနဲ့ နိုင်ငံရေးအတိုက် အခံအင်အားစုများအပေါ် ကြမ်းကြုတ်ရက်စက်မှုများစွာ ကျူးလွန်လာနိုင်တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဖြစ်ပွားတဲ့ သွေးမြေကျ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ယူကရိန်းအစိုးရက ဒွန်းဘက်ဒေသမှာ ဆိုးရွားပြင်းထန်လှတဲ့ စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲကာ မြို့ကြီးပြကြီးတွေမှာ မဆင်မခြင်ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ အရပ်သား ပြည်သူထောင်ပေါင်းများစွာရဲ့ အသက်ဇီဝိန်များကို ခြွေယူခဲ့ပါတယ်။

 

mdn

 

အခုဆိုရင် ယူကရိန်းခေါင်းဆောင်များက သူတို့ကိုယ်သူတို့ NATO တပ်ဖွဲ့အတွက် မြို့တံခါးဖျက် သစ်တုံးအဖြစ်ကို ရွေးချယ်ခဲ့တာကြောင့် ဒါဟာရုရှားနိုင်ငံအတွက် စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့်လည်း ပဋိပက္ခက မလွဲမသွေဖြစ်လာရတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအထူး စစ်ဆင်ရေးဆင်နွှဲနေတဲ့ စစ်သည်တွေကို မိန့်ခွန်း ပြောကြားရာမှာ “ဒီကနေ့အချိန်အခါမှာ ရဲဘော်တို့က အတိတ်မှာဆိုရင်လည်း အမိမြေရဲ့လုံခြုံရေး နဲ့အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ရသလို ဒုတိယ ကမ္ဘာစစ်ကြီးကပေးတဲ့ သင်ခန်းစာကိုလည်း ဘယ်သူ မှမေ့ပျောက်လို့မရအောင် စွမ်းဆောင်ခဲ့ပြီး ကမ္ဘာကြီးမှာ နှိပ်စက်ညှဉ်းပန်းသူများ၊ လူသတ်သမားများနဲ့ နာဇီများအတွက် နေစရာနေရာမရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ် လို့ ပြောကြားခဲ့တာရှိပါတယ်။

 

အာရှနဲ့ပစိဖိတ်ဒေသမှာဆိုရင် ဂျပန်အာဏာပိုင်များက အင်ပါယာစနစ်ဆိုးကြီးရဲ့ အမှားများကို ဘယ်တုန်းကမှ နောင်တမရခဲ့ဘဲ တရုတ်နိုင်ငံကို ထိန်းချုပ်ရန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ပုံပြုခြင်းလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းပြီး မဟာမိတ်ဖွဲ့စည်း တည်ထောင်မှုများကို လုပ်ဆောင်လာလျက် ရှိပါတယ်။

 

မျှတမှုရှိသော ကမ္ဘာကြီးဆီသို့

နိုင်ငံတကာဆက်ဆံရေးမှာ အငြင်းပွားမှုများစွာ ရှိသော်လည်း ရုရှားနိုင်ငံကတော့ တူညီမှုရှိပြီး ခွဲခြား လို့မရနိုင်တဲ့ လုံခြုံရေးစနစ် တည်ဆောက်မှုကိုသာ အမြဲတမ်းထောက်ခံအားပေးခဲ့ပါတယ်။ ဒီလုံခြုံရေး စနစ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ် အရေးကြီးတဲ့စနစ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နဲ့ BRICS အဖွဲ့တို့မှာရှိတဲ့ စိတ်တူသဘောတူ ရှိသော မိတ်ဖက်နိုင်ငံများနဲ့အတူ မဟာယူရေးရှား ဒေသနဲ့နောက်ပိုင်းမှာ လုံခြုံရေးပုံစံအသစ်ထွက်ပေါ် လာရေးကို အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဘုံရန်သူကို တိုက်ခိုက်ရာမှာ တွေ့ကြုံခဲ့ရတဲ့ စည်းလုံးညီညွတ် မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံတို့အပေါ် ယုံကြည်မှုက နိုင်ငံအားလုံးရဲ့ လွတ်လပ်ပြီး ကိုယ်ပိုင်သတ်မှတ်ချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုအတွက် တူညီသောအခွင့်အလမ်း မူဝါဒများအပေါ် အခြေခံတဲ့မျှတမှုရှိသော ကမ္ဘာကြီးဆီသို့ လျှောက်လှမ်းရာမှာ အခြေခိုင်စေမှာဖြစ်ပါတယ်။

 

မိမိတို့အနေဖြင့် အနိုင်မခံအရှုံးမပေးသော အောင်နိုင်သူမျိုးဆက်များအဖြစ် ဂုဏ်ယူဝင့်ကြွား ရပါတယ်။ သူတို့ရဲ့အရိုက်အရာကိုဆက်ခံတဲ့ မိမိတို့ အနေနဲ့ ဒုတိယကမ္ဘာစစ်မှကြမ်းတမ်းတဲ့ သင်ခန်းစာများကို မှတ်သားလေ့လာပြီး ဒီအမှားများကို နောက်တစ်ကြိမ်မကျူးလွန်စေဖို့နဲ့ နာဇီဝါဒကို အောင်နိုင်ခဲ့သူများရဲ့အမှတ်တရများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တာဝန်ရှိပါတယ်။ သူတို့က မိမိတို့ကို တာဝန်ဝတ္တရားနဲ့ နိုးကြားမှုရှိကာ နောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ပွားမှုကို ရှောင်လွှဲ နိုင်ဖို့အတွက် အရာအားလုံးကို လုပ်ဆောင်မယ့်သူများအဖြစ် ယုံကြည်ကိုးစားခဲ့ကြတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

 

ဘာသာပြန်ဆိုသူ - ထက်မြတ်