မန္တလေး မေ ၇
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေး စကား ပြောကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်း၊ အမရပူရနှင့် မန္တလေးမြို့များရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ရုံးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုနှင့် ရုံးတက်ရောက် နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ထမ်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ မိသားစုစိတ်ထားဖြင့် ကြုံတွေ့နေရသော အခက်အခဲများကို လက်တွဲပူးပေါင်းဖြေရှင်းကြရန်၊ တာဝန်ရှိသူအဆင့်ဆင့်က ထိတွေ့ပေါင်းစပ်ဆောင်ရွက်ပေးကြရန်၊ ထိခိုက်ပျက်စီးမှုကြောင့် ဝန်ထမ်းများ၏ ကိုယ်၊ စိတ်ခံစားရမှုများကို အားပေးကူညီရန် အလေးထားမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးမြို့ရှိ တိုင်းအခွန်ဦးစီးဌာနမှူးရုံး၊ တိုင်းအကောက် ခွန်ဦးစီးဌာနမှူးရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ တိုင်းပင်စင်ဦးစီးဌာန ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပံ့ပိုးပေး၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်