မေ ၈
နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရာ ကက်ရှ်မီးယားဒေသကိုပိုင်းခြားထားရာ loc နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် ပါကစ္စတန်နှင့်အိန္ဒိယတပ်မတော်တို့အကြား အပြန်အလှန်ထိတွေ့ပစ်ခတ်မှုနှင့် ပါကစ္စတန်ပိုင်နက်ကို အိန္ဒိယတိုက်ခိုက်မှုတို့ကြောင့် သေဆုံးသူ ၃၁ ဦးရှိလာပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ပါကစ္စတန်တပ်မတော်၏မီဒီယာအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြားသည်။
မေ ၆ ရက်နှင့် ၇ ရက်မနက်အစောပိုင်းအတွင်း ပါကစ္စတန်ထိန်းချုပ်ထားသောကက်ရှ်မီးယားဒေသနှင့် ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို အိန္ဒိယတပ်မတော်က တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်တပ်မတော်ပြည်သူ့ဆက်ဆံရေးဌာနမှဒုတိယဗိုလ်ချုပ်ကြီး ရှာရစ်ချောင်ဒရီက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအားပြောကြားသည်။
ပါကစ္စတန်နိုင်ငံ၏ဒေသခြောက်ခုကို အိန္ဒိယဂျက်တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့သော်လည်း ပါကစ္စတန်လေတပ်က အိန္ဒိယတိုက်လေယာဉ်ငါးစင်းကို တိကျစွာပစ်ချခဲ့ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်ဟု ရှာရစ်ချောင်ဒရီကဆိုသည်။
အကြမ်းဖက်စခန်းများကိုပါကစ္စတန်ကလက်ခံထားသည်ဟုအိန္ဒိယကစွပ်စွဲပြောဆိုခဲ့ရာ ပါကစ္စတန်က ယင်းစွပ်စွဲထားသည့် နေရာများကို စစ်ဆေးရန်ပြည်တွင်းပြည်ပမီဒီယာများကိုဖိတ်ကြားခဲ့သော်လည်း ၎င်းနေရာများကို ညပိုင်းအချိန်၌ အိန္ဒိယက ရုတ်တရက်တိုက်ခိုက်ခဲ့သည်ဟုချောင်ဒရီကထပ်လောင်းပြောကြားသည်။ ပါကစ္စတန်အနေဖြင့် ဒေသတွင်းတည်ငြိမ်ရေးကိုကြိုးပမ်းနေစဉ်အတွင်းရန်စလာပါက ပြတ်ပြတ်သားသားလုပ်ဆောင်ရန်တွန့်ဆုတ်မည် မဟုတ်ဟု ချောင်ဒရီက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို