ဝါရှင်တန် မေ ၁၀
အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ ပြောကြားသည်။
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများသည် အပစ်အခတ်ရပ်စဲရေးကို အတည် ပြုခဲ့ကြောင်း သိရသည်။
အမေရိကန်က အချိန်အတော်ကြာ စေ့စပ် ညှိနှိုင်းပေးခဲ့သည့်ဆွေးနွေးပွဲပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံစလုံးသည် ယနေ့တွင် ပစ်ခတ်မှုနှင့် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ရပ်တန့်ရေး နားလည်မှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
အလားတူ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို အတည်ပြု ခဲ့ကြောင်း ကြေညာသည်။
ပါကစ္စတန်တပ်မတော်က ၎င်း၏နျူကလီးယား လက်နက်များကို ကြီးကြပ်ကွပ်ကဲသည့် အမျိုးသား ကွပ်ကဲရေးအဖွဲ့နှင့် အစည်းအဝေးလုပ်ဆောင်မည်ဟု ပါကစ္စတန်တပ်မတော်က ပြောကြားသည်။
နှစ်နိုင်ငံတင်းမာမှုများအတွင်း နျူကလီးယား လက်နက်များ ပါဝင်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိစဉ် အမေရိကန်က ကြားဝင်စေ့စပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက် ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အပစ်အခတ်သဘောတူညီမှု မရသေးမီက ပါကစ္စတန်သည် အိန္ဒိယ၏စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ယင်းအခြေ အနေသည် ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် သို့ တိုးလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
မြို့တော်အစ္စလာမာဘတ်အနီးရှိ ပါကစ္စတန် စစ်အခြေစိုက်စခန်းသုံးခုကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့သည့် အိန္ဒိယ၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါတိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပါကစ္စတန်က ပြောကြားသည်။
အိန္ဒိယ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အများအပြားကို ပါကစ္စတန် ဒရုန်းများ သို့မဟုတ် ဒုံးကျည်များဖြင့် ထိမှန်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ပစ်မှတ်ထားသည့် အဆောက်အအုံများသည် အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသအပြင် နိုင်ငံ အနောက်နှင့် မြောက်ဘက်တို့တွင် တည်ရှိသည်ဟု ဆိုသည်။ ပါကစ္စတန်သည် စစ်အခြေစိုက်စခန်းများ အနီးရှိ ဆေးဘက်ဆိုင်ရာစင်တာနှင့် စာသင်ကျောင်း တို့ကိုလည်း တိုက်ခိုက်ခဲ့ပြီး အရပ်သားသေဆုံးမှုများ တိုးလာကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
နှစ်နိုင်ငံအကြား တင်းမာမှုများ တိုးမြင့်လာကာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုများနှင့် အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာခြင်းတို့အပေါ် နှစ်နိုင်ငံက အပြန်အလှန် စွပ်စွဲပြောကြားလျက်ရှိစဉ် ယခုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်