အဘူဒါဘီ မေ ၁၀
ဝေါဒစ္စနေကုမ္ပဏီသည် အာရပ်စော်ဘွားများ ပြည်ထောင်စု၏မြို့တော် အဘူဒါဘီ၌ ပန်းခြံ အသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
ကုမ္ပဏီသည် ၎င်း၏ သတ္တမမြောက် အပန်းဖြေဥယျာဉ်နှင့် အရှေ့အလယ်ပိုင်းရှိ ပထမဆုံးသော ပန်းခြံတည်ဆောက်ရေးအတွက် အစီအစဉ်များကို ယမန်နေ့တွင် ၎င်း၏ ဝင်ငွေရှင်းတမ်းထုတ်ပြန်ချက်နှင့်အတူ ကြေညာခဲ့သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံ၏ လေးနာရီကြာ လေယာဉ်ပျံသန်းမှုဧရိယာအတွင်း တည်ရှိသည့်အတွက် ခရီးသွားလုပ်ငန်းတွင် အရေးပါသည့် တံခါးပေါက်တစ်ခုဖြစ်ကြောင်း ဝေါဒစ္စနေကုမ္ပဏီက ပြောသည်။
အဆိုပါ အပန်းဖြေစခန်းကို မီရယ်ကုမ္ပဏီက တီထွင်ဖန်တီးမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုဒီဇိုင်း အတွက် ဝေါဒစ္စနေကုမ္ပဏီကတာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အပန်းဖြေဥယျာဉ်အသစ်သည် ဧည့်သည်များအား ထူးခြားပြိုင် ဘက်ကင်းသော ခေတ်မီနည်း ပညာများဖြင့် ဖျော်ဖြေမှုအတွေ့ အကြုံသစ်များကို ပေးနိုင်ရန် ခေတ်ပြိုင်ဗိသုကာ လက်ရာများ နှင့် ပေါင်းစပ်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဝေါဒစ္စနေကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ရောဘတ် အေအီဂါက ပြောကြားသည်။
အပန်းဖြေစခန်း ဖွင့်လှစ်မည့် ရက်ကို မဆုံးဖြတ်ရသေးကြောင်းနှင့် ပန်းခြံတစ်ခုကို ဒီဇိုင်းဆွဲရန် ၁၈ လမှ ၂၄ လကြာမြင့်ပြီး တည်ဆောက်ရန် ငါးနှစ်ခန့်အချိန်ယူရကြောင်း ၎င်းကဆက်လက် ပြောသည်။
ကိုးကား - အင်န်အိတ်ခ်ျကေ
ဘာသာပြန် - အောင်ကျော်ကျော်