နယူးဒေလီ မေ ၁၁
အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရရှိခဲ့သော်လည်း နှစ်ဖက်အကြား နယ်စပ်ဒေသတွင် တင်းမာမှုများရှိနေသေးကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဖက်ကြားယမန်နေ့က သဘောတူညီချက်ရရှိခဲ့သည့်တိုင် အပစ် အခတ်ရပ်စဲရေးအား ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲချက်များရှိနေသေးကြောင်း သိရသည်။
အိန္ဒိယက ပါကစ္စတန်ပိုင်နက် ထဲသို့ မေ ၇ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက် အကြား အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
အိန္ဒိယနှင့်ပါကစ္စတန်အကြားအပစ်အခတ် ချက်ချင်းရပ်စဲရေးအတွက် ယမန်နေ့က သဘောတူခဲ့ ကြောင်း အမေရိကန်သမ္မတထရမ့် က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် သဘောတူကြောင်း နှစ်နိုင်ငံစလုံးကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီသည် မေ ၁၁ ရက်တွင် ကာကွယ်ရေးဝန်ကြီးရာနတ် ဆင်းအပါအဝင် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် အရေးပေါ် အစည်းအဝေးကျင်းပခဲ့သည်။
အမေရိကန်က ယခုညှိနှိုင်း ဆွေးနွေးပွဲတွင် ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လုံခြုံရေးအတွက် ပါကစ္စတန်က ပူးပေါင်းဆောင်ရွက်မည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေး တည်တံ့ရေးအတွက် နှစ်ဖက်စလုံးက ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မသေချာကြောင်း လေ့လာသူများက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ