ဂါဇာစီးတီး မေ ၁၁
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရေပေးဝေမှုနှင့် သန့်ရှင်းရေးဝန်ဆောင်မှုစနစ်များ ပျက်စီးယိုယွင်းလျက်ရှိကြောင်း ပါလက်စတိုင်း ရေအာဏာပိုင်အဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့၏ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိခြင်း၊ အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ ဓာတ်အားပြတ်တောက်မှုနှင့် လောင်စာဆီနှင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ အပေါ် ကန့်သတ်ချက်များကြောင့် ရေပေးဝေမှုများ ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း ပါလက်စတိုင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
ဒေသအတွင်းရှိ ရေနှင့် မိလ္လာစနစ် ၈၅ ရာခိုင်နှုန်းသည် ဆိုးရွားစွာ ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလျှင် တစ်နေ့တာအတွက် ပျမ်းမျှရေ သုံးလီတာမှ ငါးလီတာအထိသာ ပေးဝေနိုင်ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ပြောကြားသည်။
အဆိုပါရေပေးဝေမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနိမ့်ဆုံး အရေးပေါ်စံနှုန်းဖြစ်သော ၁၅ လီတာအောက်၌ ရှိနေသည်။
ထို့ပြင် မသန့်ရှင်းသောရေဆိုးများကို လူနေရပ်ကွက်များအတွင်း သို့ စွန့်ထုတ်ခြင်းနှင့် ဒေသခံများ က သောက်သုံး၍မရသော ရေငန်များကို သုံးစွဲခြင်းတို့ကြောင့် ကူးစက်ရောဂါအန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းတို့က သတိပေးပြောကြားသည်။
ဇန်နဝါရီလတွင် ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ပြီးဆုံးပြီးနောက် အစ္စရေးသည် ဂါဇာကမ်းမြောင်သို့ ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝင်ရောက်မှုကို မတ် ၂ ရက်မှစပြီး ပိတ်ပင်ခဲ့သည်။
နှစ်ဖက် သဘောထားကွဲလွဲမှုကြောင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အကောင် အထည်ဖော် ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်