မေ ၁၂
အင်ဒိုနီးရှားနိုင်ငံ ဘန်ကူလူပြည်နယ်တွင် သစ်သားသင်္ဘောနစ်မြုပ်မှုကြောင့် ပြည်တွင်းခရီးသွား ခုနစ်ဦး သေဆုံးပြီး အခြား၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်း ကယ်ဆယ်ရေးသမားတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါနစ်မြုပ်မှုသည် ယမန်နေ့က ဂျာကာတာစံတော်ချိန် ၁၆ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘန်ကူလူပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအကြီးအကဲက ပြောကြားသည်။ ထိုသင်္ဘောပေါ်တွင် ပြည်တွင်းခရီးသွား ၉၈ ဦးနှင့် သင်္ဘောသားခြောက်ဦးတို့လိုက်ပါလာပြီး တစ်ကတ်ကျွန်းမှ ဘန်ကူလူမြို့သို့ ထွက်ခွာလာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသင်္ဘော ဘန်ကူလူမြို့သို့ချဉ်းကပ်နေချိန်တွင် လေပြင်းများတိုက်ခတ်၊ လှိုင်းကြီးပြီးရာသီဉတုဆိုးရွားကာ အင်ဂျင်ချို့ယွင်းမှုနှင့်ကြုံတွေ့ခဲ့ရသည်ဟု ၎င်းကဆိုသည်။
ထိုသင်္ဘောသည် ကျောက်တန်းနှင့်တိုက်မိပြီး ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။ ခုနစ်ဦးသေဆုံးပြီး အခြား ၁၅ ဦးကို ဘန်ကူလူအထွေထွေရောဂါကုဆေးရုံနှင့် ၁၉ ဦးကို ဘာရန်ကာရာရဲဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို