ရန်ကုန် မေ ၁၂

 

မန္တလေးငလျင်ကြီး ဘေးဒဏ်ကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ နောက်ဆုံးနေ့အဖြစ် ရန်ကုန် မြို့ ဒဂုံမြို့နယ် အမျိုးသားကဇာတ် ရုံကြီး၌ ယနေ့သဘင်အစည်း အရုံးက ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများ အားပါးတရ ကြည့်ရှုအားပေးကြသည်။

 

မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ယနေ့ည ဖျော်ဖြေတင်ဆက်မှုတွင် ဦးစွာ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၊ ကူညီကယ်ဆယ်မှု၊ ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး မှတ်တမ်းဗီဒီယိုကိုပြသပြီး ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်၍ ဆုတောင်းမေတ္တာပို့သကြသည်။

 

လက်ခံရယူ

ထို့နောက် ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော အလှူငွေများအား မြန်မာနိုင်ငံ သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်က လက်ခံရယူသည်။

 

အားပါးတရ ဖျော်ဖြေတင်ဆက်

ဖျော်ဖြေရေးအစီအစဉ်တွင် သဘင်အစည်းအရုံးဝိုင်းတော်သားများ ပူးပေါင်းတင်ဆက်မှုနှင့်အတူ ပဏာမ ဧည့်ခံဂီတသံဖြင့် စတင်ပြီး ဘုရားကန်တော့ခန်း၊ အပျိုတော်ယိမ်း၊ ပဏာမတေး၊ တေးသံသာ၊ အာဇာနည် စန်းစန်းဆပ်ကပ်၊ အော်ပရာနှင့် မြို့ရွှေမန်းသားဖိုးချစ်နှင့် သဘင် အနုပညာရှင်တို့၏ နှစ်ပါးသွားအကတို့ဖြင့် အားပါးတရ ဖျော်ဖြေ တင်ဆက်ခဲ့ရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ အထူး နှစ်ခြိုက်စွာ အားပေးခဲ့ကြသည်။

 

သတင်းစဉ်