မောင်မောင်စွယ်စုံထွန်း
ရန်ကုန်မြို့ရှိ ရုံးခန်းတွင် ကျွန်တော်တာဝန် ထမ်းဆောင်နေစဉ် မတ် ၂၈ ရက် မွန်းလွဲပိုင်းက ရုတ်တရက် ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီးများနှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါ မြေငလျင်ဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဓာတ်အား စနစ်နှင့် ချိတ်ဆက်ထားသော ငလျင်ဘေးသင့်ဒေသများရှိ ဓာတ်အားပေးစက်ရုံ၊ ထပ်ဆင့် ဓာတ်အား ဖြန့်ဖြူးပေးသည့် ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ အများအပြား ပျက်စီး ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ရသည်ဟု သိရှိရသည်။
လျှပ်စစ်မီးရရှိရေးသည် ငလျင်ဘေးကူညီ ကယ်ဆယ်နိုင်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သည်နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူအဆင့်ဆင့်က ဓာတ်အားအမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးမှ ဝန်ထမ်းများအား အလျင်အမြန်စုဖွဲ့၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဓာတ်အားပို့လွှတ်ရေး လိုင်းကြီးများကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းစုဖွဲ့အင်အား ၁၃၄ ဦးဖြင့် လည်းကောင်း၊ ဓာတ်အားဖြန့်ဖြူးရေး လိုင်းငယ်များကို နေပြည်တော် တိုင်းလျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်ထမ်းများအပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ဝန်ထမ်း ၄၂၆ ဦးဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း၌ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှ လျှပ်စစ်ဝန်ထမ်း ၅၄၅ ဦးတို့ဖြင့်လည်းကောင်း အမြန်ဆုံးအင်အားစုဖွဲ့၍ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရသည်။
ထိုသို့ စုဖွဲ့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေတွင် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဦးစီး၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဒုတိယဝန်ကြီးကိုယ်တိုင် ဦးစီး၍လည်းကောင်း ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရခြင်းလည်းဖြစ်သည်။
ကျွန်တော်တို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ငလျင်ဖြစ်ပွားခဲ့ပြီးချိန်မှစ၍ ဝန်ထမ်းများကို အလျင်မြန်ဆုံးစုဖွဲ့နိုင်ခဲ့ပြီး ရုံးချုပ်နှင့် ခရိုင်များမှ စုဖွဲ့အင်အား ၁၅၁ ဦးဖြင့် မတ် ၂၉ ရက်တွင် နေပြည်တော်သို့ ဦးစွာထွက်ခွာ ရောက်ရှိခဲ့ပြီး မတ် ၃၀ ရက်တွင် လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ခဲ့သည်။
စင်စစ်တွင်မူ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ငလျင်ဘေးသင့်ဒေသရှိ မိမိတို့ဆွေမျိုးသားချင်းများ၏ ငလျင်ဘေးဒုက္ခခံစားနေရမှုများကိုပင် သတင်းမမေးအား၊ လှည့်မကြည့်အားဘဲ အထက်မှ ပေးအပ်သည့် တာဝန်ကို ဦးထိပ်ထား၍ အမြန်ဆုံး သွားရောက်လုပ်အားပေးခဲ့ကြရခြင်းလည်း ဖြစ်သည်။ ထိုသို့ထွက်ခွာခဲ့ရာတွင်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများ၏ ကြပ်မတ်လမ်းညွှန်မှုတို့ဖြင့် မိဘသဖွယ် ပြည့်ပြည့်စုံစုံ မှာကြား နာယူပြီးမှ တာဝန်ထမ်းဆောင်ရမည့်နေရာတွင် ချက်ပြုတ်စားသောက်ရန် စားရေရိက္ခာများ၊ ဆေးဝါး ပစ္စည်းများ၊ ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်သော ပစ္စည်းများနှင့်အတူ စတင်ခရီး ထွက်ခွာခဲ့ကြခြင်းလည်းဖြစ်သည်။
ငလျင်ဒဏ်ခံစားခဲ့ရခြင်းမရှိသည့် ရန်ကုန်မြို့တွင် အိုးမကွာအိမ်မကွာ နေထိုင်စားသောက်ရေး အဆင်ပြေစွာ တာဝန်ထမ်းဆောင်နိုင်ကြပါလျက် ငလျင်ဒဏ်သင့်ဒေသများအား လျှပ်စစ်ဓာတ်အား အမြန်ဖြန့်ဖြူးနိုင်ရန်အတွက် လျှပ်စစ်ဝန်ထမ်းများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာယီ အဆောက်အအုံများတွင် ဖြစ်သလိုနေထိုင်၍ မိမိဘာသာ ချက်ပြုတ်စားသောက်ကာ တာဝန်ကို အချိန်နှင့်တစ်ပြေးညီ ထမ်းဆောင်ခဲ့ကြရသည်။
ထိုသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်ဝန်ထမ်းများသည် မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ပျက်စီးသွားသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းတိုင်များကို နေပြည်တော်ရောက်ရှိ ချိန်မှစ၍ နေ့ညစိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များသာမက ဥတ္တရသီရိမြို့နယ် အတွင်းရှိ ဝန်ကြီးဌာနအတော်များများကို ဧပြီ ၃ ရက်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ဧပြီ ၅ ရက်တွင် ဒက္ခိဏသီရိမြို့နယ်သို့ ရာနှုန်းပြည့် ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။ ဧပြီ ၉ ရက်တွင် ခွဲရုံအမှတ် (၇) ၌ ၂၀ အမ်ဗွီအေ ထရန်စဖော်မာ တစ်လုံးကို အသစ် လဲလှယ်တပ်ဆင်ပေးနိုင်ခဲ့သည်။ သာမန်အခြေအနေတွင် စက်ယန္တရားများဖြင့် ဆောင်ရွက်ကြ သော်လည်း ငလျင်ကြောင့် လမ်းများပျက်စီး၍ စက်ယန္တရားဝင်မရသည့် နေရာများတွင် လမ်းပြင်ပြီးသည်အထိ မစောင့်ဘဲ လူအပင်ပန်းခံ၍ လျှပ်စစ်ဓာတ်အား အမြန်ပေးနိုင်အောင် စေတနာရှေ့ထားလျက် ပင်ပန်းဒုက္ခခံကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဤကဲ့သို့ အလျင်အမြန် ဓာတ်အား ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးနိုင် ဦးဆောင်သော ဝန်ထမ်း ၁၅၁ ဦးမှ တာဝန်ရှိသူ အဆင့်ဆင့်၏ ထိရောက်သော ကြပ်မတ်ကွပ်ကဲမှု ဖြင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ သင်္ကြန်မတိုင်မီ ဧပြီ ၁၀ ရက် ညနေတွင် ကူညီရေးအရေးပေါ်လုပ်ငန်းများကို လက်စသတ်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ ဧပြီ ၁၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်သို့ လာရောက်ကူညီပေးခဲ့သော ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများအားလုံးကို တွေ့ဆုံ၍ ကျေးဇူးတင် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။ အဆိုပါ နေ့မွန်းလွဲပိုင်းတွင် အင်အား ၈၀ သည် ပထမအသုတ်အနေဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ကျန်အင်အား ၇၀ သည် ဧပြီ ၁၂ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရောက်ရှိခဲ့ကြသည်။
ယခုဖြစ်စဉ်အား သုံးသပ်ပါက သဘာဝဘေးဖြစ်သည့် ငလျင်အင်အားကြီးမား၍ ဆုံးရှုံးမှု များပြားခဲ့သော်လည်း လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် တာဝန် မရှောင်၊ အန္တရာယ်မမှုဘဲ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့၍သာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များသည် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည် ရရှိစေခဲ့ရုံမျှမက တစ်နိုင်ငံလုံး ချိတ်ဆက်ထားသော ဓာတ်အားစနစ်ကြီး တစ်ခုလုံးကိုလည်း အလျင် အမြန် ဓာတ်အားအပြည့်အဝ ပြန်လည်ရရှိစေရေးကိုလည်း အထောက်အကူပြု ပေးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
သို့ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် (တောင်ပိုင်း) တို့တွင် လျှပ်စစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းများ ပျက်စီးမှုရှိခဲ့ခြင်းကြောင့် ကွန်ကရစ်တိုင်ပေါင်း ၂၂၈၉ လုံး ပျက်စီးခဲ့ရာ မေ ၆ ရက်အထိ ကွန်ကရစ်တိုင် ၁၇၈၄ လုံး ပြန်လည် ပြုပြင် ဆောင်ရွက်နိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အားများလည်း ရာနှုန်းပြည့်နီးပါး ဖြန့်ဖြူးပေးလျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့ပြီး ကျန်ရှိနေသေးသော ဥတ္တရသီရိမြို့နယ်အတွင်း အချို့နေရာများကိုလည်း နေပြည်တော်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ မကြာမီ ရာနှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ မည်သူတွေ မည်သို့ပင် ပြောဆို ဝေဖန်နေကြပါစေ၊ မည်မျှခက်ခဲကြမ်းတမ်းပါစေ၊ မိသားစုအရေး မည်သို့ဖြစ်နေပါစေ မငဲ့ညှာအားဘဲ အထက်မှ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ကြိုးစားထမ်းဆောင်ပေးနိုင်ခဲ့သည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်ဝန်ထမ်းကြီးများအား အောက်ပါကဗျာလေးဖြင့် ဂုဏ်ပြုဖော်ကျူးရင်း မှတ်တမ်းတင်ဂုဏ်ပြု ရေးသားလိုက်ရပါသည်။
ကူညီလုပ်အား ရန်ကုန်လျှပ်စစ်လုပ်သားများ
မန္တလေးငလျင်ကြီးဆို
ဘဝတွေမှောက်လဲပြို
သောကတွေရောက်မြဲပို
ကမ္ဘာကြီးပျက်ခဲ့သလို။ ။
လုပ်မြဲအလုပ်
နောက်မဆုတ်တမ်း
ရှေ့သို့လှမ်းမည်
ရန်ကုန်လျှပ်စစ်သည် ။ ။