ဝါရှင်တန် မေ ၁၄
ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗရော့ဗ်နှင့် သမ္မတပူတင်၏ လက်ထောက်တစ်ဦးတို့ ဦးဆောင်မည်ဖြစ်ကြောင်း အမေရိကန် မီဒီယာတစ်ခုက ယနေ့သတင်းဖော်ပြသည်။
ရုရှားနှင့် ယူကရိန်းတို့အကြား တိုက်ရိုက်ဆွေးနွေးပွဲကို မေ ၁၅ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ရန် သမ္မတပူတင်က အဆိုပြုခဲ့သည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအဖြစ် ကျင်းပရန် တောင်းဆိုခဲ့သည်။
သမ္မတ ပူတင်သည် ရုရှားနိုင်ငံရှိ အရာအားလုံးကို ဆုံးဖြတ်ပေးသူဖြစ်သည့်အတွက် စေ့စပ်ညှိနှိုင်းမှုများကိုလည်း ၎င်းနှင့်အတူ ဆွေးနွေးရန် ဆန္ဒရှိကြောင်း ဇီလန်စကီးက မေ ၁၃ ရက် ဗီဒီယို မက်ဆေ့ချ်တစ်ခုတွင် ပြောကြားသည်။
မော်စကိုအနေဖြင့် အစ္စတန်ဘူလ်သို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဟု မေ ၁၃ ရက်တွင် ကရင်မလင်က ပြောကြားခဲ့သော်လည်း ၎င်းတွင် မည်သူပါဝင်မည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗရော့ဗ်နှင့် သမ္မတပူတင်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက် ယူရီယူရှာကော့ဗ်တို့ ပါဝင်မည်ဖြစ်ကြောင်း ရုရှားအစိုးရအရာရှိ တစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက သတင်းဖော်ပြသည်။
သမ္မတ ပူတင်နှင့် ဇီလန်စကီးတို့အကြား တိုက်ရိုက်ဆွေးနွေးရန် မဖြစ်နိုင်သေးကြောင်းလည်း အဆိုပါသတင်းစာက ထပ်လောင်းပြောကြားသည်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒီရီဆာဘီဟာသည် တူကီယဲနိုင်ငံတောင်ပိုင်း အန်တယ်လာမြို့သို့ သွားရောက်ကာ မိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ယနေ့ကြေညာသည်။ သို့သော် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပမည့် အစ္စတန်ဘူလ်မြို့သို့ သွားရောက်မည် လားဆိုသည်ကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်