မန္တလေး မေ ၁၅

 

၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် စာမေးပွဲအောင်စာရင်းများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ အသီးသီး၌လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ အခြေခံပညာအတန်းများအတွက် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြရာ တာဝန်ကျဆရာ ဆရာမများက စနစ်တကျနှင့် စည်းကမ်းတကျကြည့်ရှုနိုင်စေရန် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက်  KG မှ Grade-11 အထိ အတန်းစဉ်အလိုက် စာမေးပွဲများကို ဖေဖော်ဝါရီနှင့် မတ်လအတွင်းက ကျင်းပပေးခဲ့ပြီး  အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ Grade -5 နှင့် Grade-9 မပါ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၃၄၁၁၃ ဦးနှင့်  Grade -5 နှင့် Grade-9 ကျောင်းသား ကျောင်းသူပေါင်း ၅၄၀၂၀ ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုအောင်မြင်သူများကို သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းရလဒ်များကို ကြေညာပေးခဲ့ခြင်းဖြစ်သည်။

 

အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက ကျွန်တော်တို့ တိုင်းပညာရေးမှူးရုံးအနေနဲ့ Grade – 5 နဲ့ Grade -9 အောင်စာရင်းတွေကို ကြီးကြပ်ပေးရပါတယ်။ ဒီလိုကြီးကြပ်ပေးပြီး Grade – 9 အောင်စာရင်း ရလဒ်တွေကိုတော့ ခရိုင်ပညာရေးမှူးရုံးက ထုတ်ပြန်ပေးရပါတယ်။ Grade–5 အောင်စာရင်း ရလဒ်တွေကိုတော့ မြို့နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ပေးရတာဖြစ်ပါတယ်။ အောင်စာရင်း တွေကိုတော့ သက်ဆိုင်ရာ ကျောင်းအသီးသီး မှာ မနက် ၆ နာရီကစပြီး ထုတ်ပြန်ပေးပါတယ်။ ကျောင်းသား ကျောင်းသူတွေ စနစ်တကျ ကြည့်ရှုနိုင်အောင်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတော်ကလည်း ကျောင်းနေအရွယ် ကလေးအားလုံးအတွက် လိုအပ်တာတွေကို ထောက်ပံ့ ပေးသွားမှာဖြစ်တဲ့အတွက် လာရောက်ကျောင်းအပ်နှံကြဖို့ ပြောကြားလိုပါတယ်ဟု ပြောသည်။

 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေ၂၂ ရက်မှ ဇွန် ၁  ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းသား ကျောင်သူများအတွက် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မောင်အေးချမ်း