ပင်းတယ ၁၁ မတ်
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားပွဲတွင် ထည့်သွင်းကျင်းပသည့် ဓနုတိုင်းရင်းသား ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများ၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးနေမျိုးကျော်နှင့် အားကစားဆပ်ကော်မတီဝင်များ၊ မြို့နယ်ကိုယ်စားပြု ဘောလုံးအားကစားသမားများ တက်ရောက်ခဲ့ပြီး ဦးနေမျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပင်းတယမြို့နယ် ဘောလုံးအသင်းနှင့် တောင်ကြီးမြို့နယ် ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်းတယမြို့နယ် ဘောလုံးအသင်းက တောင်ကြီးမြို့နယ် ဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်မြို့နယ် ဘောလုံးအသင်းနှင့် နောင်ချိုမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောင်ချိုမြို့နယ် ဘောလုံးအသင်းက ရန်ကုန်မြို့နယ် ဘောလုံးအသင်းကို ၆ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ယခုကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဓနုတိုင်းရင်းသား လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ရင်းနှီးချစ်ကြည်မှု ရရှိရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ကလော၊ ရန်ကုန်၊ တောင်ကြီး၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များမှ ဓနုတိုင်းရင်းသားများ အသင်း ၈ သင်း ပါဝင်ကစားကြကာ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မတ် ၂၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)