နေပြည်တော် မေ ၁၇

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန်နှင့် အပြီးသတ်စက်တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှစ၍ ပြန်လည် စတင်ဆောင်ရွက်ခဲ့ပြီး TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များသည် စက်ရုံ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများကို လာရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များအပေါ် ပြန်လည်ပြင်ဆင်ရမည့် စက်ပစ္စည်း ကိရိယာများအနက် ပြည်တွင်းရှိ ကျွမ်းကျင် အင်ဂျင်နီယာများဖြင့် စစ်ဆေးပြုပြင်၍ရသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှား ပညာရှင်များအနေဖြင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးရန်နှင့် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပညာရှင်များအား ကြိုဆိုပါကြောင်း၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်က Romelt နည်းပညာကို အောင်မြင်မည်ဟု ယုံကြည်၍ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်စဉ် တွေ့ကြုံမည့် အခက်အခဲများကို ပွင့်လင်းစွာဖြင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင်က အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေး၏ ပြယုဂ်ဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင် ပြီးမြောက်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများ ကိုလည်း ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့သည် ရှမ်းရိုးမ ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ဘိလပ်မြေများ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ ဝမ်စိမ်းဆီစက်၊ စိန်ငွေမြ စက်မှုလက်မှု ကုမ္ပဏီလီမိတက်၏ ပြောင်းအခြောက်ခံစက်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းတို့သို့ရောက်ရှိပြီး ငလျင်ကြောင့် ပျက်စီးခဲ့သည့် စက်မှု လုပ်ငန်းများရှိ စက်ပစ္စည်းများအား စနစ်တကျပြန်လည်ပြင်ဆင် နိုင်ရေးအတွက် မြန်မာနိုင်ငံ စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များရေးဆွဲထုတ် ပြန်နိုင်ရေး စီမံဆောင်ရွက်လျက် ကြောင်း၊ အဆိုပါလမ်းညွှန်ချက်များ ထွက်ရှိလာပါက လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်