ဒေါက်တာသန်းနိုင်စိုး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ကမ္ဘာအနှံ့ ခြေဆန့်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ငါးနှစ်နှင့် သုံးလကျော်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက် တွင် ထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဒသမ ၀၉ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာအနှံ့ ရောဂါကူးစက်မှုများ ဆက်လက်တည်ရှိနေဆဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိခြင်းကို ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များကမူ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ရောက်ရှိချိန် ၂၀၂၀ ပြည့် နှစ် မတ် ၂၃ ရက်မှ ၂၀၂၅ ခုနှစ် မေ ၁၁ ရက်အထိ ရောဂါဖြစ်ပွားသူ ၆၄၃၂၄၂ ဦးရှိခဲ့ပြီး ရောဂါကြောင့်သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ၌ လူဦးရေတစ်သန်းတွင် ရောဂါကြောင့် သေဆုံးသူ ၃၈၁ ဦး ရှိခဲ့ရာ အာဆီယံ (၁၀) နိုင်ငံတွင် သေဆုံးမှုနှုန်း အနေဖြင့် အမှတ်စဉ် (၈) ရှိခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံများတွင် မိမိတို့နှင့်နှိုင်းယှဉ်ပါက ရောဂါကြောင့်သေဆုံးနှုန်း မြင့်မားကြောင်း တွေ့ရသည်။

 

ရောဂါကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့

မိမိတို့မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန် ပံ့ပိုးမှု၊ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏ တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အပါအဝင် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်မှာ သမိုင်းတွင်မှတ်တမ်း တင်ရမည့် ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ထိုသို့ထိရောက်စွာ ကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့် ၁၃-၅-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူအား နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရောဂါဖြင့် ထပ်မံသေဆုံးမှု မရှိခဲ့သည်မှာ နှစ်နှစ်ကျော်အချိန်ကာလ ရှိပြီဖြစ်ပါသည်။

 

ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ပုံစံသစ်အနေဖြင့် ယခင်ကနှင့်မတူ နည်းပါးသော ဒေသတွင်း ကူးစက်မှုများကိုတွေ့လာရပြီး ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုပုံစံ (epidemic)မှ ဒေသတွင်း အမြစ်တွယ် ကူးစက်မှုပုံစံ (endemic) အသွင်သို့ ကူးပြောင်းလာသည်ကိုတွေ့ရသည်။ ထိုသို့ကူးစက်မှုပုံစံ ပြောင်းလာသည်နှင့်အတူ ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်တွင် ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်လာသည်ကို တွေ့ရပါသည်။

 

ကိုဗစ် - ၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိ

ထိုသို့ ဒေသတွင်းအမြစ်တွယ်ကူးစက်မှု (endemic) ပုံစံသို့ ပြောင်းလဲလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏သဘော သဘာဝသည် မကြာခဏမျိုးရိုးဗီဇပြောင်းလဲ၍ ပေါ်ထွက်လာတတ် ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့် အတူ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာမှုကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ယနေ့အထိ တွေ့နေရဆဲဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇ ပြောင်းလဲမှုကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

လတ်တလောတွင် ကမ္ဘာ့မီဒီယာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ အရ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံစသည့် ဒေသတွင်းနိုင်ငံအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် မြင့်တက်လာခြင်းကို တွေ့ရှိလာရပါသည်။

 

ကလေးများတွင် ကူးစက်မှုမြင့်မား

အိမ်နီးချင်းထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၁၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရ သည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလဆန်းအထိ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ခုနစ်သိန်းကျော်ရှိခဲ့သဖြင့် ယခုနှစ်ဖြစ်ပွားမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်းကြောင်း သိရသည်။ ယခုနှစ် အတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အမြင့်မားဆုံး ကာလမှာ မေ ၁၁ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ရောဂါဖြစ်ပွားသူ လူနာသစ် ၃၃၀၃၀ ရှိ၍ ဆေးရုံတက်ရောက်သူ ၁၉၁၈ ဦးနှင့် သေဆုံး သူ နှစ်ဦးရှိခဲ့ကြောင်း သိရသည်။ ၎င်း၏ရှေ့ရက်သတ္တပတ်ဖြစ်သည့် (၄-၅-၂၀၂၅)မှ (၁၀-၅-၂၀၂၅)အတွင်းတွင် ရောဂါဖြစ်ပွားသူ လူနာသစ် ၃၁၁၉၄ ဦးရှိ၍ ဆေးရုံတက်ရောက်သူ ၂၄၉၀ နှင့် သေဆုံးသူ ရှစ်ဦးရှိခဲ့ကြောင်း သိရ၍ အဆိုပါရက်သတ္တပတ်နှစ်ခုကို နှိုင်းယှဉ်ပါ က ရောဂါဖြစ်ပွားသူဦးရေ ပိုမို၍များပြားလာသော်လည်း ရောဂါ ပြင်းထန်မှုနှင့်သေဆုံးမှု လျော့ကျလာသည်ကိုတွေ့ရသည်။ ရောဂါကူးစက်မှု မြင့်မားရခြင်း အကြောင်းအရင်း အနေဖြင့် ထိုင်းနိုင်ငံတွင် မိုးရာသီ ကာလစတင်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ကဲ့သို့ လူစုလူဝေးဖြင့် ခရီးသွားလာမှုများပြားခဲ့သည့် အကြောင်းရင်းများကြောင့်ဟု သိရသည်။ အဓိကကူးစက်ပျံ့နှံ့ သည့်ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲမှာ ကူးစက်လွယ်အိုမီခရွန်အုပ်စု မှ ဆက်လက်၍မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စု၊ ထိုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလာသည့် XEC မျိုးကွဲသည် အများစု ဖြစ်ကြောင်းသိရှိရပြီး ဗန်ကောက်၊ ချွန်ဘူရီနှင့် ရယောင်း စသည့်နေရာများတွင် ကူးစက်မှုနှုန်းမြင့်မား၍ ကလေးများတွင်လည်း ကူးစက်မှုမြင့်မားသည်ဟု သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ဗီဇပြောင်း မျိုးကွဲအသစ်များ ကူးစက်မှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် အဖျားရောဂါ လက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက ဆေးရုံများတွင် သံသယလူနာများ သီးခြားထားရှိ ကုသနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း တို့အား ပိုမိုအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

 

ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကိုအသုံးပြု၍ အကြိမ်ပြည့်ထိုးနှံနိုင်ခဲ့

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အဓိကကျသည့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးအမျိုးအစားရှစ်မျိုးကို အသုံးပြု၍ အသက်ငါးနှစ်နှင့်အထက် ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး ၂၁ ဒသမ ၂၅ သန်း doses ထိုးနှံပေးနိုင်ခဲ့ပါသည်။

 

ကိုဗစ် -၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းသည်နှင့်အတူ ၎င်းမျိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မျိုးဆက်သစ်များသည်လည်း စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် (၁၈) နှစ်အထက် ပြည်သူလူထု ၁၁၂၅၂၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၁၄၇၇၅ ဦးအပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့် တစ်နှစ်အတွင်းရှိသည့် ပြည်သူလူထု ၂၂၈၆၇၂၆ ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မေလအတွင်းတွင် GAVI support for C 19 Vaccination အစီအစဉ်ဖြင့် ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက်တွဲ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် ယခင်ကရှိခဲ့ဖူးသည့် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ လက်ရှိအချိန်တွင် ပေါ်ထွက် လာသည့် ဗိုင်းရပ်စ်အသစ် (novel coronavirus) ဖြစ်သည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ၎င်း၏ကူးစက် ပြန့်ပွား လွယ်မှု၊ လျင်မြန်စွာ မျိုးရိုးဗီဇပြောင်းလွယ်မှု၊ လူ၏ကိုယ်ခံအားစနစ်နှင့် မျိုးဆက်ဟောင်း ကာကွယ်ဆေးများမှ ပေးအပ်သော ကိုယ်ခံအားကို ရှောင်လွှဲနိုင်မှု စသည့်ဂုဏ်သတ္တိများရှိမှုကြောင့် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် လူသားတို့နှင့် ယှဉ်တွဲနေထိုင်ရမည်မှာ ရှောင်လွှဲခြင်းမပြုနိုင်သည့် ကိစ္စတစ်ရပ် အဖြစ် ထင်ရှားလာခဲ့ပြီဖြစ်ပါသည်။

 

နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ စနစ်တကျစစ်ဆေးကုသမှုကို ခံယူရမည်

မိဘပြည်သူများအနေဖြင့် ထိုသို့ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနှင့်အတူ ယှဉ်တွဲနေထိုင်ကြရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ကိုလိုက်နာ၍ ဦးတည်အုပ်စုအလိုက်၊ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို မပျက်မကွက် အထူးဂရုပြု၍ ရယူရမည်ဖြစ်ပါသည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူ၊ နာတာရှည်ရောဂါအခံရှိသူ၊ ကိုယ်ခံအားကျဆင်းနေသူများနှင့် လူနာနှင့် ထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ခံယူရမည် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပါအဝင် အခြားသင့်တော်သည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် ကိုလိုက်နာ၍ မပျက်မကွက်ထိုးနှံမှုခံယူသင့်ပါသည်။ ထို့ပြင် စနစ် တကျ လက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ လူစုလူဝေးရှိရာနေရာများနှင့် အလုံပိတ် အခန်းများသို့ သွားရောက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် အထက်ပါ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို အထူးလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အသက် ရှူရခက်ခဲခြင်း စသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်စုံတစ်ရာပေါ်ပေါက်ပါက ကိုဗစ် - ၁၉ ရောဂါ ဖြစ်နိုင် ခြေရှိသည်ကို သတိပြုပြီး လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်းတို့ကို ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသ၍ စနစ်တကျစစ်ဆေး ကုသမှုကို ခံယူရမည်ဖြစ်ပါသည်။

 

အချုပ်အားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ယှဉ်တွဲနေထိုင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ လိုအပ်သည့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် မေ့လျော့ခြင်းမရှိဘဲ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။