မေ ၁၉

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဘတ်ကန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လေးဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီ၏ ယမန်နေ့က နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးမှုကြောင့် နှစ်ဦးသေဆုံးပြီး မြေပြိုမှုများကြောင့် အခြားနှစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ရာသီဉတုဆိုးရွားမှုကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးမြေဟက်တာပေါင်းရာနှင့်ချီပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံများ သိသိသာသာပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ဘက်တောင်ကုန်းထူထပ်သောဒေသတွင် ယမန်နေ့ညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယင်းဒေသအနှံ့အပြားရှိမတ်စောက်သောတောင်စောင်းများတွင် မြေပြိုမှုများနှင့် မြစ်ငယ်များ၊ ချောင်းများတွင် ရေကြီးမှုအန္တရာယ်မြင့်မားမှုတို့နှင့်ပတ်သက်ပြီး အာဏာပိုင်များက သတိပေးချက်များထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို