ဗန်ကောက် မေ ၁၉
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲဖြစ်သည့် အိုမီခရွန် XEC အမျိုးအစား ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ရောဂါစောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နေကြောင်း ယနေ့ဗွီအင်န်အိတ်ပရတ်စ် သတင်းဌာနသတင်းအရ သိရသည်။
ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်
ဇန်နဝါရီ ၁ ရက်မှ မေ ၁၄ ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၀၆၇ ဦးနှင့် ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်စင်တာ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံအတွင်း ဆုန်ခရန် ပွဲတော်ကျင်းပခဲ့ပြီးနောက် ကိုဗစ် -၁၉ ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများ အတွင်းကစတင်၍ အိုမီခရွန် XEC ကူးစက်မှုများကို တွေ့ရှိရသဖြင့် နိုင်ငံသားများအား မကြာခဏ လက်ဆေးရန်နှင့် လူစုလူဝေးနေရာများတွင် နှာခေါင်းစည်းဝတ်ဆင်ရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။
အိုမီခရွန် XEC အမျိုးအစားသည် အိုမီခရွန် ဗိုင်းရပ်စ်နှစ်ခုဖြစ်သည့် KS.1.1 (FLiRT) နှင့် KP.3.3 (FLuQE) တို့ပေါင်းစပ်ထားခြင်းဖြစ်ကာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအချိန်တွင် ဥရောပ၊ မြောက်အမေရိကနှင့် အာရှဒေသတို့ရှိ နိုင်ငံ ၁၅ ခု တွင် ကူးစက်မှုများကို တွေ့ရှိနေရသည်။
ကိုးကား-ဗွီ အင်န်အိတ်ပရတ်စ်
ဘာသာပြန်-စိုးသူရ