နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
အခုတစ်လော နိုင်ငံတကာသတင်းတွေမှာ လူပြောများနေတဲ့ သတင်းတစ်ပုဒ်က အပြည်ပြည်ဆိုင်ရာတရားရုံး(International Criminal Court - ICC) က ရှေ့နေချုပ် (Chief Prosecutor) တစ်ဦးဖြစ်တဲ့ Karim Khan ရဲ့ သူ့ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲခံရမှုအရှုပ်တော်ပုံပဲ ဖြစ်ပါတယ်။
သတင်းတွေက ဖုံးမနိုင်ဖိမရ ဖြစ်လာခဲ့ပုံရ
ဖြစ်စဉ်ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာဖြစ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ အဲဒီအမှုအခင်းသတင်းဟာ ပြင်ပကို ပေါက်ကြားလာခဲ့ပါတယ်။ အဲဒီမှာ နောက်ထပ် ဝန်ထမ်း လေး၊ ငါးဦး ဆီကနေ သူတို့လည်းပဲ ရှေ့နေချုပ်ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း ခံရတယ်။ Karim Khan ဟာ သူ့လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အနည်းဆုံး ဝန်ထမ်းလေးဦးခန့်ကို ရာထူးလျှော့ချခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ခံရသူဝန်ထမ်းတွေက ICC ရဲ့ ဌာနတွင်းစုံစမ်းစစ်ဆေး ရေးတွေအပေါ် အယုံအကြည်မရှိလို့ တရားဝင်မတိုင်ကြားခဲ့ကြပေမယ့် သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သတင်းတွေက ဖုံးမနိုင်ဖိမရ ဖြစ်လာခဲ့ပုံရပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ဌာနတွင်းစုံစမ်းစစ်ဆေးမှု တွေနဲ့တင်မရတော့ဘဲ အပြင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရလာ တဲ့အထိ အမှုက ကြီးကျယ်ခဲ့ပါပြီ။
ICC ဟာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းမဟုတ်ပေမယ့် UN နဲ့ အထူးဆက်ဆံရေး အထူးသဖြင့် UN ရဲ့ လုံခြုံရေးကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံမှုရှိပါတယ်။ ICC မှာ ရှေ့နေချုပ်အဖြစ် တာဝန်မထမ်း ဆောင်မီ Karim Khan ဟာ အီရတ်နဲ့ဆိုင်တဲ့ UN စုံစမ်းစစ်ဆေးရေးအဖွဲ့ (UNITAD) တစ်ခုမှ အထူးအကြံပေးနဲ့ အကြီးအကဲတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဗြိတိသျှနိုင်ငံသားတစ်ဦးလည်း ဖြစ်ပြီး သူ့ဇနီး မလေးရှားသူ Dato Shyamala Alagendra ဟာလည်း လူသိများတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူဟာ အရင်က UN ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UN အတွင်းရေးကိစ္စများ စုံစမ်းစစ်ဆေးတဲ့အဖွဲ့အစည်း OIOS မှာ စုံစမ်းစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
အခု Karim Khan ရဲ့ လိင်မှုကိစ္စအရှုပ်တော်ပုံမှာ OIOS ဟာ အဓိက စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာတာကြောင့် တရားမျှတမှုရှိပါ့မလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ Alagendra ဟာ သူ့အမျိုးသားအပေါ် စွပ်စွဲသူအမျိုးသမီးကို အပြင် မှာ ဆက်သွယ်ကျေအေးဖို့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာကြောင့် မသင့်တော်တဲ့လုပ်ရပ်အဖြစ် ထောက်ပြကြပါတယ်။ အခုဆို Karim Khan ဟာ အမှုမပြီးမချင်း သူ့ရာထူးတာဝန်တွေကနေ ယာယီရပ်ဆိုင်းခံထားရပြီဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်မှု စွပ်စွဲချက်
နောက်သတင်းတစ်ပုဒ်ကလည်း UN နဲ့ပဲ ပတ်သက်ပါတယ်။ ၂၀၂၄ ခုနှစ် UN အစီရင်ခံစာအရ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု စွပ်စွဲချက်တွေဟာ အကြိမ် ၁၀၀ အထိ ရှိခဲ့ပါတယ်။ အဲဒီထဲက ၆၅ မှုမှာ ကျူးလွန်ခြင်းခံရသူဆိုသူ အမျိုးသမီးတွေက သူတို့ဟာ UN တပ်သား၊ အမှုထမ်းတွေရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ကြရပြီး ကိုယ်ဝန်ရခဲ့တယ်၊ ကလေးစရိတ်ရလိုတယ်ဆိုပြီး စွပ်စွဲတိုင်တန်းကြပါတယ်။ UN မှာ ဝန်ထမ်းတွေကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး မတက်မနေရ သင်တန်းတွေပေးပေမယ့် ၂၀၂၄ မှာ UN ဝန်ထမ်းပေါင်း ၆၄၅၈၅ ဦးကို ပြုလုပ်တဲ့ စစ်တမ်းတွေအရ ၃ ဒသမ ၆၅ ရာခိုင်နှုန်းသော ဝန်ထမ်းပေါင်း ၂၃၆၀ က လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပိုက်ဆံပေးရင် လက်သင့်ခံနိုင်တယ်လို့ ဖြေကြားခဲ့ကြပြီး တစ်ရာခိုင်နှုန်းနီးပါးသော ဝန်ထမ်း ၅၅၅ ဦးက ကလေးသူငယ်တွေနဲ့ လိင်ဆက်ဆံတာ လက်သင့်ခံတယ်လို့ ဖြေကြားခဲ့ကြပါတယ်။
သဘောက ဝန်ထမ်းတွေက သင်တန်းတွေသာ တက်နေတာဖြစ်ပြီး မလိုက်နာချင်တဲ့ဝန်ထမ်းက မလိုက်နာဘူးလို့ ကောက်ယူလို့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် UN စစ်တမ်းတစ်ခုမှာ UN ဝန်ထမ်းတွေ အတွင်း UN လူကြီးတွေအပေါ် (ခေါင်းဆောင်မှုအပိုင်း) မယုံကြည်မှု က သိသိသာသာ မြင့်တက်နေပြီး ခြောက်ရာခိုင်နှုန်းသော ဖြေဆိုသူ UN ဝန်ထမ်း ၃၇၀၀ ခန့်က လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုတွေ၊ မတရား ပြုကျင့်မှုတွေအပေါ် UN အကြီးအကဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်နဲ့ စာရင် UN ဝန်ထမ်းတွေရဲ့ UN အကြီးအကဲတွေအပေါ် မယုံကြည်မှုက နှစ်ဆတိုးလာတာဖြစ်ပါတယ်။
ဥရောပတိုက်ရဲ့ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိုက်စလန်နိုင်ငံမှာလည်း ပညာရေးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး (Minister of Education and Children’s Affairs) ဖြစ်သူ အသက် ၅၈ နှစ်အရွယ် Ásthildur Lóa Ƥórsdóttir ဟာ သူ့အသက် ၂၂ နှစ်အရွယ်မှာ ဘာသာရေးအဖွဲ့တစ်ခုမှာ အတိုင်ပင်ခံဆရာမ (Mentor) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အသက် ၁၅ နှစ်အရွယ် အမျိုးသားလေးနဲ့ လွန်ကျူးခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တယ်ဆိုတဲ့ အမှုအခင်း ပေါ်ပေါက်ပါတယ်။
နောက်ဆုံး ၂၀၂၅ ခုနှစ် မတ်လထဲမှာ ဝန်ကြီးရာထူးက နုတ်ထွက်ပေးလိုက်ရပါတယ်။ အိုက်စလန်မှာ ကိုယ့်ဆီအပ်နှံထားတဲ့၊ ကိုယ်က အုပ်ထိန်းရတဲ့၊ ကိုယ်က သင်ပြပေးရတဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေနဲ့လိင်ဆက်ဆံရင် ကြီးမားတဲ့ပြစ်မှုမြောက်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ ဘာပဲပြောပြော ဥရောပရဲ့ထိပ်တန်းလူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးထွန်းကားတဲ့ အိုက်စလန်နိုင်ငံမှာ ကိုယ်တာဝန်ယူရတဲ့ ကလေးသူငယ်နဲ့ လိင်မှု ကျူးလွန်သူက နိုင်ငံရဲ့အမြင့်ဆုံး ကလေးသူငယ်ရေးရာဝန်ကြီးအထိ ဖြစ်လာခဲ့တာ လူအများအမြင်မှာ ပြောစရာဖြစ်ရပါတယ်။
ပြင်သစ်နိုင်ငံက ဖြစ်ရပ်တစ်ခုမှာလည်း လက်ရှိ ပြင်သစ်ဝန်ကြီးချုပ် François Bayrou ဟာ သူတစ်ချိန်က ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် တာဝန်ယူခဲ့စဉ် သူတာဝန်ရှိတဲ့ ပြင်သစ် အနောက်တောင်ပိုင်းဒေသက ကက်သလစ်ဘာသာရေးကျောင်း တစ်ကျောင်းမှာ ဆယ်စုနှစ်နဲ့ချီပြီးဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေကို လျစ်လျူရှုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ် ပါလီမန်ကော်မတီတစ်ခုရဲ့ စစ်ဆေးမှုကို ရင်ဆိုင်နေရပါတယ်။ François Bayrou ရဲ့ဇနီးဟာ အဲဒီကျောင်းမှာ ဆရာမအဖြစ် အမှု ထမ်းခဲ့ပြီး သမီးအကြီးဖြစ်သူဟာလည်း အဲဒီကျောင်းက ဘုန်းတော် ကြီးတစ်ပါးရဲ့ ဆံပင်ဆွဲဆောင့်၊ တရွတ်တိုက်ဆွဲတာခံခဲ့ရတယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့တာကြောင့် အမှုက လူတွေ အာရုံစိုက်စရာဖြစ်ခဲ့ရပါတယ်။
François Bayrou ဟာ ပြင်သစ်သမ္မတရွေးကောက်ပွဲကို အရင်က သုံးကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်လို့ ကလေးသူငယ်ကိစ္စက သူကိုယ်တိုင်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူးဆိုသည့်တိုင် သူတာဝန်ယူခဲ့တဲ့နယ်မြေက ဘာသာရေးကျောင်းရဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ သွယ်ဝိုက်တာဝန်ရှိတယ်လို့ အတိုက်အခံ တွေက စွဲချက်တင်နေကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းလောကကို အတော်ဂယက်ရိုက်စေခဲ့
၂၀၁၁ ခုနှစ် ဟေတီနိုင်ငံ (Haiti) မှာ ဖြစ်ခဲ့တဲ့ ကမ္ဘာကျော် ဗြိတိသျှ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Oxfam ရဲ့ လိင်ကိစ္စ အမြတ်ထုတ်အလွဲသုံးစားမှု အရှုပ်တော်ပုံဟာ နိုင်ငံတကာအဖွဲ့အစည်းလောကကို အတော်ဂယက်ရိုက်စေခဲ့ပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေကို အကြောင်းပြပြီး Oxfam မှ အကြီးတန်းဝန်ထမ်း Roland van Hauwermeiren ဟာ ဟေတီ ဒေသခံဝန်ထမ်းအချို့နဲ့ပေါင်းပြီး ပြည့်တန်ဆာတွေ၊ အသက်မပြည့်တဲ့ သူတွေနဲ့ လိင်ကိစ္စပျော်ပါးတဲ့သတင်းတွေ ပေါ်ထွက်လာပါတယ်။ ဒါကလည်း ဗြိတိသျှသတင်းစာကြီး (The Times Newspaper) က ၂၀၁၈ ခုနှစ်မှာ ဖော်ထုတ်လိုက်မှ လူသိရှင်ကြားဖြစ်လာခဲ့တာပါ။ သတင်းနောက်ဆက်တွဲထပ်လိုက်တော့ Roland van Hauwermeiren ဟာ Oxfam ရဲ့ အကြီးတန်းဝန်ထမ်းအနေနဲ့ အာဖရိကတိုက်က ချက်ဒ် (Chad) နိုင်ငံမှာ တာဝန်ကျခဲ့စဉ်ကလည်း အဲဒီလို လူသားချင်း စာနာမှုအကူအညီတွေနဲ့ လိင်ကိစ္စမဖွယ်မရာပြုကျင့်မှုတွေ ရောထွေးဖြစ်ပွားခဲ့တယ်ဆိုတာ ပေါ်ပေါက်ပါတယ်။
နောက်ထပ်စုံစမ်းမှုတွေအရ သူဟာ ၂၀၀၄ ခုနှစ်မှာ Oxfam မှာ မလုပ်ခင် လိုက်ဘေးရီးယားနိုင်ငံ (Liberia) မှာ အခြား ဗြိတိသျှအကူ အညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Merlin မှာ တာဝန်ထမ်းဆောင်ခဲ့စဉ် အဲဒီလိုပဲ လိင်မှုကိစ္စတွေကြောင့် ရာထူးတာဝန်က နုတ်ထွက် ခဲ့ရဖူးပါတယ်။ The Guardian သတင်းစာကြီးအဆိုအရ Roland van Hauwermeiren ဟာ Oxfam က နုတ်ထွက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ပြင်သစ်အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Action Against Hunger မှာ အကြီးအကဲ (Country Director) အဖြစ် တာဝန်ထမ်းဆောင်တယ်လို့ ဆိုပါတယ်။
အဲဒီလို Oxfam ရဲ့ လိင်မှုကိစ္စ အရှုပ်တော်ပုံဟာ အခြားသော နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကိုလည်း ရိုက်ခတ်ခဲ့ပါတယ်၊။ Save the Children ကလည်း ၂၀၁၆ ခုနှစ်ထဲမှာ စွပ်စွဲမှုပေါင်း ၅၃ မှုကို စုံစမ်းခဲ့ပြီး သူ့ရဲ့ဝန်ထမ်းအချို့ လိင်မှုကိစ္စအရှုပ်တော်ပုံတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ထုတ်ဖော်ဝန်ခဲ့ပါတယ်။
ဒီနေရာမှာပြောချင်တာ ကင်းလွတ်ခွင့်၊ ဒဏ်ခတ်မခံရခြင်း (Impunity) ဆိုတာကိုပါ။ အနောက်နိုင်ငံအစိုးရတွေဟာ သူတို့ မလိုလားတဲ့ အစိုးရတွေကို ပြစ်တင်ဝေဖန်တဲ့အခါ Impunity ဆိုတဲ့ စကားကို မကြာခဏအသုံးပြုပါတယ်။ အမှန်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းအသိုင်းအဝိုင်းမှာလည်း အဲဒီ Impunity သဘောဆန်ဆန် က တည်ရှိနေပါတယ်။ ပုံစံချင်း၊ သဘောသဘာဝချင်းတော့ မတူဘူးပေါ့။ သို့သော် Impunity ကတော့ Impunity ပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေဆိုတာ အစိုးရတွေမဟုတ်တဲ့အတွက် သူတို့ရောက်ရာ နိုင်ငံတွေမှာ ပရောဂျက်အမျိုးမျိုး ဖော်ဆောင်ပြီးရင် သူတို့ နိုင်ငံခြားသားဝန်ထမ်းတွေက နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် လုပ်ကိုင်ဆောင်ရွက်ပြီးရင် နောက်တစ်နိုင်ငံကို ရွှေ့ပြောင်းသွားတာပါပဲ။ ဆိုလိုတာ သူတို့အချင်းချင်း အမုန်းမခံပါဘူး။ သိပ်ကိုထင်ရှား သိသာလွန်းမှသာ၊ မီဒီယာတွေပေါ်ရောက်မှသာ သတင်းဖြစ်လာတာပါ။
မီဒီယာတွေပေါ်မရောက်ဘဲ အတွင်းမှာတင် ဝိုင်းဖိငြှိမ်းလိုက်ကြတဲ့ မတော်မတရားကိစ္စတွေအများကြီး ရှိနေနိုင်ပါတယ်။ ရှိနေမှာပါပဲ။ ဒါကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာက တစ်ကမ္ဘာလုံး ဖြန့်ကြက်တည်ရှိနေတာဖြစ်လို့ အခုလို အမှုအခင်းပမာဏလောက်က မပြောပလောက်ပါဘူး။ လူတွေဖြစ်လို့ အမှားအယွင်းကတော့ရှိမှာ ပါပဲလို့ ပြောနိုင်ပေမယ့် တကယ်က နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ အတွင်းမှာ စည်းကမ်းထိန်းသိမ်းရေးလို၊ ကျင့်ဝတ်ထိန်းသိမ်းရေးလို ဌာနတွေ သေချာဖွဲ့စည်းထားရှိပေမယ့် အဲဒီဌာနတွေကလည်း မလုပ်၊ မရှုပ်၊ မပြုတ်တွေပါပဲ။ ချောင်းဟန့်သံလောက်ပေးပြီး အချင်းချင်းညီညွတ်ရေးကိုပဲ ဦးတည်တာပါပဲ။ မီးစင်ကြည့်ကနေကြ တာပါပဲ။ ဘယ်သူမှအမုန်းခံပြီး ထိထိရောက်ရောက် အရေးယူမနေပါဘူး။
Oxfam လို ကိစ္စမျိုးဆိုရင် ကျူးလွန်တဲ့ဝန်ထမ်းဟာ ကမ္ဘာလှည့်ပြီး ရောက်တဲ့နေရာ ကျူးလွန်နေတာပါပဲ။ တစ်နေရာမှာ အရေးယူရင် နောက်တစ်နေရာ ပြောင်းတာပါပဲ။ ဒီလိုပဲ အိုက်စလန်က ကလေး သူငယ်ဝန်ကြီးကိစ္စဆိုရင်လည်း နှစ်တွေအများကြီးကြာမှ အမှုအခင်း က ပေါ်ပေါက်တာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ တစ်နည်းတစ်ဖုံ Impunity သဘောပါပဲ။ သူတို့ လူဆိုးစာရင်းသွင်းထားတဲ့နိုင်ငံတွေ အမှားအယွင်းဖြစ်ရင် သံပြိုင်ညီညာဖြဖြအော်လေ့ရှိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ သူတို့အမှားအယွင်းဖြစ်ရင်တော့ နှာစေးနေတတ်ပါတယ်။ သတင်းတွေတက်လာလည်း ခဏပါပဲ။
အခု နောက်ဆုံးထုတ်ပြန်တဲ့ UN အစီရင်ခံစာတစ်ခုမှာ ဖော်ပြသလို အတွင်းက ဝန်ထမ်းတွေကိုယ်တိုင်က UN ခေါင်းဆောင်မှုအပိုင်းကို အယုံအကြည်နည်းလာတယ်ဆိုတာ သာဓကတစ်ခုပါပဲ။ အတွင်းမှာ လုပ်ခဲ့လေ အကြောင်းပိုသိလေပါပဲ။ နှစ်စဉ် အစီရင်ခံစာတွေ၊ စစ်တမ်းတွေဆိုတာလည်း ဒီလိုပဲ ထွက်လာလိုက်၊ ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်နဲ့ အားလုံးက အဆင်ပြေသလို သွားနေကြတာပါပဲ။ ကမ္ဘာ့ပြည်သူတွေသာ သနားဖို့ကောင်းပါတယ်။ သူတို့အဖို့မှာ သက်ဆိုင်ရာအစိုးရတွေကို အယုံအကြည်နည်းတယ်ဆိုရင်တောင် နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် ယုံကြည်လို့မရတာကလည်း အသေအချာပါပဲ။ ။