နေပြည်တော် ၁၁ မတ်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသ တိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မတ်လ၏ ပုံမှန်အပူချိန်အောက် (၃)ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့သည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်၊ တောင်တွင်းကြီးမြို့နှင့် ရေးမြို့တို့တွင် (၃၈)ဒီဂရီစင်တီဂရိတ်စီနှင့် ဖြူးမြို့၊ ရန်ကုန် (ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်)နှင့် ဘော်လခဲမြို့တို့တွင် (၃၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်သည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်သည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။
MDN