ဝါရှင်တန် မေ ၂၈ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က အမေရိကန်နိုင်ငံ၌ ပညာသင်ကြားခွင့် လျှောက်ထားသူများကို ယာယီရပ်ဆိုင်းထားရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ကျောင်းသားဗီဇာ လျှောက်ထားသူများအတွက် အင်တာဗျူးအသစ်များကျင်းပရန် ဆောင်ရွက်ခြင်း ကို ခေတ္တရပ်ထားရန် အစိုးရက အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသို့ ညွှန်ကြားခဲ့ကြောင်း အမေရိကန်နိုင်ငံရေးသတင်းဝက်ဘ်ဆိုက်တစ်ခုက ယမန်နေ့တွင် သတင်းဖော်ပြသည်။

စည်းမျဉ်းအသစ်တစ်ရပ် ကြေညာသည့်တိုင် ဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားရန် လျှောက်ထားသော နိုင်ငံခြားကျောင်းသားများအားလုံးကို ၎င်းတို့၏လူမှုမီဒီယာလှုပ်ရှားမှုကို စစ်ဆေးရန် စဉ်းစားနေသည်ဟုလည်း ၎င်းကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသို့ လာရောက်သည့် မည်သူကိုမဆို ၎င်းတို့၏ လူမှုမီဒီယာလှုပ်ရှားမှုများကို စစ်ဆေးအကဲဖြတ်ရန်လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က သတင်းထောက်များအား ပြောကြားသည်။

အစိုးရအဖွဲ့၏ ယခုဆောင်ရွက်ချက်များသည် နိုင်ငံအတွင်း ပညာသင်ကြားရန် မျှော်လင့်နေသော နိုင်ငံတကာကျောင်းသားများကို ထိခိုက်စေနိုင်ဖွယ်ရှိသည်။

အကြမ်းဖက်မှုနှင့် ဘာသာရေးယုံကြည်ချက် ဆိုင်ရာ အဓိကရုဏ်းများဖြစ်ပေါ်နိုင်သည့် အကြောင်း ပြချက်ဖြင့် မကြာသေးမီက ဟားဗတ်တက္ကသိုလ်အား နိုင်ငံတကာကျောင်းသားများကို လက်ခံသင်ကြားခြင်းမပြုရန် တရားဝင်ကြေညာခဲ့သည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ 
ဘာသာပြန်-အောင်ကျော်ကျော်