တိုကျို မေ ၂၈
ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ပေါက်ကွဲမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ရာ ၁၀ ဦး ဒဏ်ရာရရှိပြီး အနီးဝန်းကျင်ရှိ အဆောက်အအုံ ၄၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
အီဒိုဂါဝါရပ်ကွက်ရှိ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မေ ၂၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးယာဉ်တစ်စီး မီးလောင်ခဲ့ပြီး နေအိမ်နှင့်စတိုးဆိုင် ၃၈ လုံး၏ နံရံနှင့် ပြတင်းပေါက်များ ပျက်စီးခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးလုပ်သားများနှင့် ဒေသခံများ အပါအဝင် လူ ၁၀ ဦးသည် လည်ချောင်းနာခြင်းနှင့် နားကိုက်ခြင်း ဝေဒနာကို ခံစားခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့က ပြောကြားသည်။
မီးလောင်လွယ်သော အက်စီတလင်း ဓာတ်ငွေ့များပါဝင်သော ဆလင်ဒါတစ်လုံးပေါက်ကွဲပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသည် ကားရပ်နားရာနေရာဖြစ်ပြီး အိမ်ဆောက်ရန် ဆောက်လုပ်ရေး အလုပ်သမားများက အမှိုက်များကို မြေကြီးထဲ တွန်းထုတ်စဉ် အဆိုပါဆလင်ဒါဓာတ်ငွေ့ အိုးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဆလင်ဒါကို မြေအနက် ၆၀ စင်တီမီတာခန့်တွင် မြှုပ်နှံထားကြောင်း သိရသည်။
အက်စီတလင်း ဓာတ်ငွေ့သည် အပူချိန် ၃၀၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းပြီး သတ္တုများကို ဂဟေဆက်ခြင်းနှင့် ဖြတ်တောက်ရန် အသုံးပြုကြောင်း ဖိအားမြင့်ဓာတ်ငွေ့အိုးလုပ်ငန်း ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တိုယာအာကီဟီရိုက ပြောကြားသည်။
ဓာတ်ငွေ့ဆလင်ဒါများကို ဖိအားမြင့် ဓာတ်ငွေ့ဘေးကင်းရေး ဥပဒေနှင့်အညီ စနစ်တကျစွန့်ပစ်ရမည်ဖြစ်ကြောင်းနှင့် အသုံးပြုပြီးလျှင် ပြန်လည်ပေးအပ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခု အခင်းဖြစ်ပွားရာနေရာတွင် အက်စီတလင်း ဓာတ်ငွေ့ဆလင်ဒါကို မည်သည့်ရည်ရွယ်ချက်ဖြင့် ချန်ထားခဲ့ သည်ကို မသိသော်လည်း ကုမ္ပဏီတစ်ခုက ၎င်းကို မလိုအပ်တော့သည့်အတွက် စွန့်ပစ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
ပြန်လည်ထူထောင်ရေးနှင့် စွန့်ပစ်ခြင်းလုပ်ငန်းစဉ်အတွင်း ၎င်း၏အဖွဲ့ သည် ပေါက်ကွဲမှုကို တစ်ခါမျှမကြုံဖူးကြောင်းနှင့် ဆလင်ဒါများသည် ဟောင်းနွမ်းသွားသောကြောင့် ပေါက်ကွဲနိုင်ခြေ ပိုများကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်