မေ ၃၀

နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂျာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ  ၂၁ ဦး၏ ရုပ်အလောင်းများကိုပြန်လည်တွေ့ရှိခဲ့ပြီး အခြား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

မေ ၂၈ ရက်နေ့နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီးနောက် မိုဝါဒေသတွင် ပျက်စီးမှုများပြားပြီး လူသုံးဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျာပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီအကြီးအကဲက သတင်းထောက်များကို ပြောကြားသည်။

လူနေအိမ်အလုံးပေါင်း ၅၀ ကျော် နစ်မြုပ်၊ မျောပါသွားမှုများဖြစ်ပွားခဲ့ရာ အချို့မှာ နစ်မြုပ်မျောပါသွားသည့်နေအိမ်အတွင်းမှာပင်ရှိနေဆဲဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူ ၁၀ ဦးအား ရှာဖွေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုဒဏ် လျော့ပါးသက်သာစေရန်ဆောင်ရွက်လျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို