ဝါရှင်တန်ဒီစီ မေ ၂၉
ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာပါက Golden Dome ဒုံးပျံ ကာကွယ်ရေးစနစ်တွင် အခမဲ့ပါဝင်ခွင့်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား ခဲ့သည်။
ထရမ့်က ကနေဒါကို အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ် အဖြစ် ပါဝင်ပါက အံ့ဖွယ် Golden Dome ဒုံးပျံကာကွယ်ရေးစနစ်တွင် အခမဲ့ပါဝင်နိုင်ပြီး သီးခြားနိုင်ငံအဖြစ်သာ ဆက်လက် ရပ်တည်ပါက အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ ကုန်ကျမည်ဟု မေ ၂၇ ရက်ကဆိုသည်။
သမ္မတဒေါ်နယ်ထရမ့်က အဆိုပါ ဒုံးပျံကာကွယ်ရေးစနစ်ကို ၂၀၂၉ ခုနှစ် ဇန်နဝါရီလတွင် ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးချိန်မတိုင်မီ စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားသည်။ မျိုးဆက်သစ် ဒုံးပျံကာကွယ်ရေးစနစ်ကို ကုန်းမြေ၊ ရေတွင်သာမက အာကာသတွင်ပါ လွှမ်းခြုံ သွားမည်ဖြစ်သည်။ အမေရိကန်အစိုးရက အဆိုပါ ဒုံးပျံကာကွယ်ရေးစနစ်တည်ဆောက်ရန် ကုန်ကျမည့် ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ ရှိမည်ဟု ထုတ်ပြန်ထားသည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကမူ ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အဆိုပါစီမံကိန်းအတွက် ငွေကြေးထည့်ဝင်ရန် စိတ်ဝင်စားသော်လည်း ကနေဒါနိုင်ငံကို အမေရိကန်ပိုင်အဖြစ် သွတ်သွင်းမည့် ထရမ့်၏ အကြံအစည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ထားသည်။
အင်န်အိတ်ချ်ကေ