နေပြည်တော် မေ ၃၁
“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော် အကြီးအကဲအနေဖြင့် နိုင်ငံ့အကျိုးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြသည့် ယခုဆွေးနွေးပွဲ ရလဒ်များကို အလေးထားပါကြောင်း၊ ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးကြသည့် ဆွေးနွေးချက်များသည် ကျေနပ်အားရဖွယ်ကောင်းပြီး စီးပွားရေးကဏ္ဍအတွက်သာမက နိုင်ငံရေးအတွက်ပါ အကျိုးရှိစေနိုင်သည့် ဆွေးနွေးမှုများ ဖြစ်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် ချိတ်ဆက် လျက်ရှိပြီး အပြန်အလှန် အမှီသဟဲပြုနေသည့်အတွက် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် စဉ်းစား သုံးသပ်ကာ နိုင်ငံ့အကျိုးစီးပွားအတွက် နိုင်ငံကြီးသား ပီသစွာ တွေးခေါ် ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း။
ဆွေးနွေးမှုများမှတစ်ဆင့် ရရှိလာသည့်ရလဒ်များကို နိုင်ငံတော် အကြီးအကဲထံတင်ပြ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ဌာနဆိုင်ရာများအနေဖြင့် မူဝါဒကိုတင်ပြခြင်းထက် နိုင်ငံအတွက် ဆောင်ရွက်သင့်သည်များကို ဦးစားပေးဆွေးနွေးကြစေလိုပါကြောင်း၊ တက်ရောက် လာကြသူ အားလုံးကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအဖြေရှာ ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့ ဆွေးနွေးချက်များကို စုစည်းပြီး ယနေ့ ဆက်လက်ဆွေးနွေးရာတွင် ကောင်းမွန်သည့် ရလဒ် များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ ဆွေးနွေးရာတွင် ငလျင်အပြီး ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပ စီးပွားရေး ဈေးကွက်နှင့် ကုန်သွယ်မှုကို နိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အခင်းအကျင်း များဖြင့် ချိန်ထိုးပြီး လက်တွေ့ကျသည့် အဖြေရှာဆွေးနွေးမှုများ ဖြစ်စေ လိုပါကြောင်း၊ ပို့ကုန် နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ လယ်ယာ သားငါး၊ စက်မှုနှင့် ခရီးသွားကဏ္ဍများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မိမိတို့ ဆောင်ရွက်မှုများကို နိုင်ငံ၏မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာစေလိုပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် ကောင်းမွန်သည့် အကြံပြုချက်များ ကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပထမနေ့ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များအပေါ် မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဇော်ဦးက အနှစ်ချုပ်သုံးသပ်ဆွေးနွေးရာတွင် ငလျင် ဘေးသင့်ဒေသများ၊ ကုန် ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဟူသည့် ကဏ္ဍသုံးရပ် အပေါ် အခြေခံ၍ ဆောင်ရွက်သွားရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ လုပ်သား၊ အာမခံစနစ်၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ အပါအဝင် ကဏ္ဍပေါင်းစုံလွှမ်းခြုံလျက်ရှိသော ဝန်ဆောင်မှုနှင့် လူမှုရေး စနစ်ဆောင်ရွက်ရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရေးအတွက် မူဘောင်ချမှတ်၍ ဆောင်ရွက်သွားမည့် အခြေအနေ။
မူဘောင်များကို လူမှုကာကွယ်ရေး အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်း၊ ပြုပြင်ပြောင်းလဲရေး၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ အားလုံးလွှမ်းခြုံမှု ရှိစေရေးတို့ကို အခြေခံထား ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ဆွေးနွေးမှုများမှ ရရှိလာသည့် အခြေခံမူများ၊ ချဉ်းကပ်မှုပုံစံများနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ စံနှုန်းများ၊ ဦးစားပေးသတ်မှတ်ချက်နှင့် ရေတိုဆောင်ရွက် ရမည့် ကိစ္စရပ်များ၊ ရလဒ်ဗဟိုပြု အကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် စုစည်းရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စကားဝိုင်း ဆွေးနွေးခြင်း အစီအစဉ်ကိုကျင်းပရာ သဘာပတိအဖြစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာ ဇော်ဦးတို့က ပူးတွဲဆောင်ရွက်ပြီး တက်ရောက် လာကြသူများက လက်တွေ့ ဆောင်ရွက်သွားမည့် ပူးတွဲဆန်းစစ်မှုဆိုင်ရာ လုပ်ငန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ ထင်သာမြင်သာရှိမည့် ရှေးဦးရလဒ်များ၊ ပြန်လည် ထူထောင်ရေးညီလာခံ၊ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို အသေးစိတ် ဝိုင်းဝန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်