အေးအေးမြင့်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် “တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသော ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်မှု

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအနက် သဘာဝရော်ဘာ (Natural Rubber) စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းသည်လည်း အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရော်ဘာပင်၏အခေါက်မှ အစေးကိုခြစ်ယူ၍ အစေးခဲခြင်း၊ အစေးကြိတ်ခြင်း၊ မှိုင်းတင်ခြင်းဖြင့် မှိုင်းခံရော်ဘာ (Ribbed Smoked Sheet Rubber) များ ထုတ်လုပ်ခြင်းအပြင် ဆွဲဖတ် ခွက်ကပ်များ၊ ဖြတ်စညှပ်စများကိုပြုပြင်၍ အရည် အသွေးမြင့်ခရမ့်ရော်ဘာများ ထုတ်လုပ်လျက်ရှိပါသည်။ ထိုသို့ထုတ်လုပ်လျက်ရှိရာတွင် မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် သီးနှံစိုက်ဧရိယာ ၁၆၃၉၇၄၈ ဧကအနက် အစေးခြစ်ဧရိယာ ၁၀၃၀၄၆၆ ဧကမှ ရော်ဘာတန်ချိန် ၃၃၈၇၅၈ တန် ထုတ်လုပ်နိုင်ခဲ့ပါသည်။ 

ရော်ဘာပြည်ပတင်ပို့မှုအခြေအနေ

မှိုင်းခံရော်ဘာနှင့် အဆင့်မြင့်ရော်ဘာများ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်း စက်မှုလုပ်ငန်းများတွင်သုံးစွဲပြီး ကျန် ၉၀ ရာခိုင်နှုန်း ကျော်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းရော်ဘာတန်ချိန် ၂၁၁၂၇၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၅၆၉ သန်း ဝင်ငွေရရှိခဲ့ပါသည်။ 

ရော်ဘာအခြေခံထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရမှုအခြေအနေ

ရော်ဘာကုန်ကြမ်းများ ပြည်ပသို့တင်ပို့နိုင်သော်လည်း ရော်ဘာအခြေခံထုတ်ကုန်များ ဖြစ်သည့် ကားတာယာအပါအဝင် တာယာမျိုးစုံ၊ ကျွတ်များနှင့် သားရေကွင်း၊ ပူဖောင်း၊ လက်အိတ်၊ မွေ့ရာ၊ ရော်ဘာဖိနပ်ဆိုးပြားစသည့် MSME ထုတ်ကုန်များ ပြည်တွင်းတွင် လုံလောက်စွာထုတ်လုပ် နိုင်မှုမရှိ၍ ပြည်ပမှတင်သွင်းနေရပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကားတာယာ၊ စက်ဘီး တာယာ၊ ဆိုင်ကယ်တာယာနှင့် ကျွတ်အမျိုးမျိုး အရေအတွက် ၇၀၆၈၂၇၂ ခု ခန့်ကို ပင်လယ် ရေကြောင်းနှင့် နယ်စပ်မှတင်သွင်းခဲ့ရာ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၇၈၂ သန်း အကုန်အကျခံ ခဲ့ရကြောင်း သိရှိရပါသည်။

သဘာဝရော်ဘာ၏ ပြိုင်စံကင်းသောဂုဏ်သတ္တိ

သဘာဝရော်ဘာသည် မာပြီးဆွဲနိုင်ဆန့်နိုင်ခြင်း၊ အပူချိန်မြင့်တက်လာချိန်တွင် ပျော့ပျောင်းပြီး စေးကပ်လာခြင်း၊ ဆွဲနိုင်ဆန့်နိုင်သောဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆွဲဆန့်ရာတွင် ကျယ်ပြန့်လာပြီး စပရင်ကဲ့သို့ ဖွဲ့စည်းမှုကြောင့် လွှတ်လိုက်သည့် အချိန်တွင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိ နိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်မှုသည် အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ် မှ ၆၀ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပေါ်နိုင်ပြီး ပွတ်စားမှုဒဏ်(Abrasion)၊ ကွဲအက်မှုဒဏ် (Flex cracking) တို့ကိုလည်း ခံနိုင်ရည်ရှိပါသည်။ အဆိုပါထူးခြားသည့်ဂုဏ်သတ္တိထူးများ၊ အရည်အချင်းများကြောင့်ပင် တာယာများထုတ်လုပ်ရာတွင် သဘာဝရော်ဘာကို မဖြစ်မနေအသုံးပြုနေရပြီး သဘာဝရော်ဘာသုံးစွဲမှုသည် အရေးပါနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ရော်ဘာအခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး

ထုတ်လုပ်သော ရော်ဘာကုန်ကြမ်းများကို ပြည်တွင်း၌သုံးစွဲမှုနည်းပြီး ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းတို့ကြောင့် ပြည်ပဈေးကွက်တွင် ဈေးနှိမ်ဝယ်ယူမှုများရှိလာပြီး ရသင့်သည့်စျေးနှုန်း မရရှိဘဲ ဝင်ငွေလျော့နည်းမှုများ ကြုံတွေ့နေရပါ သည်။ ပြည်တွင်းရှိ ရော်ဘာအခြေခံ MSME ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးလာပါက ပြည်တွင်း၌ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်နိုင်ပြီး ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ပြည်ပမှ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(ရန်ကုန်)တွင် ရော်ဘာအစေးရည်ကိုအခြေခံသော ရော်ဘာကုန်ချော ပစ္စည်းများထုတ်လုပ်မှုနှင့် မှိုင်းခံရော်ဘာကို အခြေခံသော ကုန်ချောပစ္စည်းများထုတ်လုပ်မှု သင်တန်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းတို့ကို နှစ်စဉ် အနည်းဆုံး နှစ်ကြိမ်ဖွင့်လှစ်၍ ဌာနတွင်း ဝန်ထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား နည်းပညာများ ဖြန့်ဝေပေးလျက်ရှိပါသည်။ 

ရော်ဘာအခြေခံထုတ်ကုန်များ ထုတ်လုပ်နေသည့် စက်ရုံ/ အလုပ်ရုံများနှင့် လုပ်ငန်းရှင်များ၊ အသေးစားလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်ပစ္စည်း အရည် အသွေး ပိုမိုကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင် ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 

ရော်ဘာအခြေခံထုတ်ကုန်ဆိုင်ရာ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနတွင် ကျွမ်းကျင် ဝန်ထမ်းများ မွေးမြူခြင်း၊သုတေသနအခြေခံအဆောက်အအုံများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝရော်ဘာ စမ်းသပ်ချက်ရှစ်မျိုး၏ အရည်အသွေးများ စမ်းသပ်စစ်ဆေးခြင်း၊ ပုဂ္ဂလိကရော်ဘာထုတ်လုပ် သည့်စက်ရုံများ၏ ဓာတ်ခွဲခန်းများ အရည်အသွေး စစ်ဆေးခြင်း မှန်ကန်မှု ရှိ၊ မရှိ ဌာနဓာတ်ခွဲခန်း နှင့် ချိတ်ဆက်စစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

ပြည်တွင်းတွင် ရော်ဘာကုန်ကြမ်းရှိပြီးဖြစ်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများက အဆိုပါ ရော်ဘာကုန်ကြမ်းများကိုအသုံးပြုပြီး ရော်ဘာကုန် ချောပစ္စည်းထုတ်လုပ်သော စက်ရုံများအထူး သဖြင့် ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ထုတ်လုပ်သည့်စက်ရုံများ ရင်းနှီးမြှုပ်နှံ ထူထောင်လာပါက ရော်ဘာတင်ပို့ခြင်းကို ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်တွင်း MSME လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများပါ အကျိုးအမြတ်ရရှိကာ ရော်ဘာအခြေခံ MSME ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။