လွိုင်ကော် ဇွန် ၁
ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ် ဖလား ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ဘောလုံးကွင်း၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက် အားပေးကြသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကယားလူငယ်အသင်း နှင့် ပဒါညေးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြသူများကို ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်လှက ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိကြသူများကို ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုး အောင်က ငွေသားဆုနှင့် Trophy တို့ကို လည်း ကောင်း၊ တတိယဆုရရှိသည့် နွားလဝိုးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပဒါညေးအသင်းအား ငွေသားဆုနှင့် ဆုတံဆိပ်များ ကို ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် ကလည်းကောင်း၊ ပထမဆုရရှိသည့် ကယားလူငယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကလည်းကောင်း ပေးအပ် ချီးမြှင့်သည်။ (ဝဲပုံ)
ကယားပြည်နယ် ၂ဝ၂၅ ခုနှစ် ပြည်နယ်ဝန်ကြီး ချုပ်ဖလား ၁၈ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မေ ၂၂ ရက်မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)