ကဘူး ဇွန် ၁

ဧပြီနှင့် မေလအတွင်း အိမ်နီးချင်းပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည်ပေါင်း ၅၀၀၀၀၀ ကျော်သည် အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ကြောင်း   ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောကြားချက်အရ သိရသည်။

ပြန်လည်ရောက်ရှိလာသူများသည် ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေရ သည့်အတွက်  ပံ့ပိုးကူညီမှုများ ယခင်ကထက် ပိုလိုအပ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယနေ့ ပြောကြားသည်။

ပြီးခဲ့သောနှစ်အတွင်း အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်နိုင်ငံသား နှစ်သန်းကျော် သည် နေရပ်သို့  ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ပါကစ္စတန်အစိုးရက အာဖဂန်ဒုက္ခသည် နှစ်သန်းကို ယခုနှစ်အတွင်း နေရပ်ပြန်လည်ပို့ရန် စီစဉ်ထားပြီး    အီရန်အာဏာပိုင်များကလည်း အထောက်အထားမဲ့ နိုင်ငံခြားသားများ တရားမဝင် နေထိုင်မှုကို အဆုံးသတ်ပြီး နေရပ်ပြန်ရန် တောင်းဆိုထားကြောင်း သိရသည်။

အာဖဂန်ကြားဖြတ်အစိုးရသည် အာဖဂန်ဒုက္ခသည်များအား ဒုက္ခသည်များအဖြစ် ပြည်ပတွင် နေထိုင်ခြင်းမှအဆုံးသတ်ကာ ၎င်းတို့၏ လက်နက်ကိုင် ပဋိပက္ခဘေးဒဏ်သင့် မွေးရပ်မြေ   ပြန်လည် တည်ဆောက်ရေးတွင်  ပါဝင်ဆောင်ရွက်ကြရန်  အကြိမ်ကြိမ်တောင်းဆိုထားကြောင်း သိရသည်။                           

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်