ရန်ကုန် ဇွန် ၁

အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ဖလား Gym ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် သုံးချီပွဲ၊ သုံးမိနစ်ထိုး နှစ်မိနစ်နားစနစ် ဖြင့် တွဲဆိုင်း ၁၄ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ကြရာ ရှစ်ပွဲမှာ အနိုင်အရှုံးပြတ်သားခဲ့ပြီး ခြောက်ပွဲမှာမူ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ 

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင် နှင့်  အလုပ်အမှုဆောင်များ၊လက်ဝှေ့အားကစားကို ခုံမင်သူဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို  တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ချီးမြှင့်သွားမည်

မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းရေး၊ ရိုးရာလက်ဝှေ့၏အနှစ်သာရ ပေါ်ထွန်းရေး၊ အပျော်တမ်းဖြစ်စေ၊ ဝါသနာအရဖြစ်စေ ရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ဝင်ရောက် မကစားဖူးသူများ  ပွဲအတွေ့အကြုံရရှိစေရေး၊ Gym များအနေဖြင့် ရိုးရာလက်ဝှေ့ကို ပိုမိုအားစိုက် လာခြင်းဖြင့် ရိုးရာလက်ဝှေ့ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဖွဲ့ချုပ်ဖလား Gym ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် တစ်ပွဲမျှပါဝင်မကစားဖူးသူများကို ရွေးချယ်ပြီး ဒုတိယအနေဖြင့် တစ်ပွဲကစားဖူးသူ၊ နှစ်ပွဲ ကစားဖူးသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသည့် Gym များအနေဖြင့် နိုင်ပွဲ ၃ မှတ်၊ သရေပွဲ ၁ မှတ်ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာလ နောက်ဆုံးပွဲတွင် လစဉ်ရခဲ့သော ရမှတ်အလိုက် အမှတ်အများဆုံးရရှိသော Gym ကို အဖွဲ့ချုပ်ဖလား ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။    

လင်းရာမ