ဇွန် ၂

အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗားပြည်နယ်တွင် ကျောက်မိုင်းမြေပြိုကျမှုကြောင့် ဇွန် ၁ ရက်တွင် သေဆုံးသူ ၁၉ ဦး ရှိလာသော်လည်း မြေပြိုမှုများထပ်မံဖြစ်ပွားသဖြင့် ပျောက်ဆုံးနေသူခြောက်ဦးကိုရှာဖွေရန်ဆိုင်းငံ့ထားသည်ဟု တာဝန်ရှိသူများကပြောကြားသည်။

အဆိုပါကျောက်မိုင်းမြေပြိုကျမှုသည် စီရီဘွန်ဒေသ၊ ဘိုဘာ့ကျေးရွာတွင်တည်ရှိသော ဂူနမ်ကူဒါကျောက်မိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ကယ်ဆယ်ရေးသမားများက ရုပ်အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း အနောက်ဂျာဗားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလွယ်ကူချောမွေ့စေရန် အရေးပေါ်အခြေအနေချမှတ်ထားမှုကို မေ ၃၀ ရက်တွင်စတင်ပြီး ဇွန် ၆ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်ဟု သိရသည်။

ယနေ့မနက် ၁၁ နာရီ ၁၀ မိနစ်က မြေပြိုမှုများထပ်မံဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ယာယီရပ်ဆိုင်းထားပြီး ဇွန် ၃ ရက်တွင် ရှာဖွေရေးလုပ်ငန်းများပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို