မင်းဘူး ဇွန် ၂

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ယခု ရက်ပိုင်း နေ့စဉ်မိုးများ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် ဇွန် ၂ ရက် နံနက် ၁၁ နာရီက မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက် မန်းချောင်းရေ တစ်ပေခန့် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံ မှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၌ မေ ၂၅ ရက်မှစတင်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေစက်တော် မန်းချောင်းအတွင်း၌ မေ ၃၁ ရက် နံနက်ပိုင်းမှ စတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်း တိုးမြင့် ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း၊ ယခု လက်ရှိအောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ မန်းချောင်းရေများ တစ်ပေ ခန့် စတင်ဝင်ရောက် စီးဆင်းနေပြီဖြစ်ကြောင်း၊ မန်းချောင်းအတွင်း ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရားအထက်ပိုင်းရှိ ဒေသများ၌ နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ များက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်း အတွင်းသို့ စီးဆင်းဝင်ရောက်ကာ အဆိုပါမန်းချောင်း များမှတစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်း စီးဆင်းခြင်းဖြစ်ကြောင်း၊ ယခင်နှစ် (၂၀၂၄ ခုနှစ် ဩဂုတ်လ လဆန်းပိုင်း)က အောက်စက်တော်ရာ ရင်ပြင်အထက်သို့ မန်းချောင်း ရေ ငါးပေခန့်အထိ ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကို က ရှင်းပြသည်။

 

အဆိုပါ မန်းချောင်းရေများသည် ရွှေစက်တော် မန်းချောင်းမှတစ်ဆင့် မင်းဘူး(စကု)မြို့နယ်အတွင်း သို့ ဆက်လက်ဖြတ်သန်းပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ မိုးများ အဆက် မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်း ဝင်ရောက်လာနိုင်သည့်အတွက် မန်းချောင်းအောက်ပိုင်းတစ်လျှောက်တွင် နေထိုင် လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူး သတိပြုနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

 

ယခုလက်ရှိ မန်းချောင်းရေကြီးခြင်းမှာ မန်းရွှေ စက်တော်ဘုရားကြီးအထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံတို့၏ ပင်မရေပိုလွှဲမှ ဆည်ရေကျော်ပြီး ရေကြီးခြင်း မဟုတ်ဘဲ မိုးများ၍ ဘုရားကြီးတွင် သာမန်ရေကျော် ခြင်းဖြစ်ကြောင်း၊ ဇွန် ၂ ရက် နံနက် ၆ နာရီ တိုင်းထွာ ချက်အရ မန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့် အမှတ်မှာ ၆၂၅ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၁၂ ပေအထိ ရောက်ရှိခဲ့သည့်အတွက် ဆည်ရေပြည့်ရန် ၁၂ ဒသမ ၃ ပေ လိုသေးကြောင်း၊ အလားတူ ရင်းရှည် ရေလှောင်တမံ၏ ဆည်ရေပြည့် အမှတ်မှာ ၆၀၂ ပေ ဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၅၉၆ ဒသမ ၄ ပေအထိရောက်ရှိခဲ့သည့်အတွက် ဆည်ရေပြည့်ရန် ၅ ဒသမ ၆ ပေ လိုသေးကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်/မြောင်း) မှ သိရသည်။

မောင်မောင်(မင်းဘူး)