နယူးဒေလီ     ဇွန်    ၂

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံ၊ ဆစ်ကင်၊ မဏိပူရနှင့်အနျူချယ်ပရာဒေ့ရှ်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများမှတစ်ဆင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းပြည်နယ်များတွင် လက်ရှိအချိန်၌ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် အနီရောင် သတိပေးချက်ထုတ်ပြန်ထားပြီး   အနီးအနားရှိ နာဂလန်း၊ မီဇိုရမ်၊ မဏိပူရနှင့် တြိပူရပြည်နယ်များ တွင် လိမ္မော်ရောင်သတိပေးချက်များထုတ်ပြန်ထားသည်။ ဆစ်ကင်ပြည်နယ် မြောက်ပိုင်းရှိ ဆန်ကာလန်တံတားမှာ ဒေသအတွင်းရှိ တက်စ်စတာမြစ်ရေမြင့်တက်လာမှုကြောင့်  ကျိုးကျခဲ့ပြီး ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။ ထို့ပြင်  ဗြဟ္မပုတြမြစ်ရေ  မြင့်တက် လာမှုကြောင့် အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဒေသခံ ၁ ဒသမ ၄၄ သိန်းကျော် ထိခိုက်ခဲ့သည်။အာသံပြည်နယ်အတွင်းရှိ   မြစ်များတွင်လည်း မြစ်ရေသည်   စိုးရိမ်ရေမှတ်အထိ  မြင့်တက်လာမှုကြောင့် ခရိုင်  ၁၅ ခုရှိ  ဒေသခံ ၇၈၀၀၀ ထိခိုက်ခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် အာသံရိုင်ဖယ်တပ်ရင်းက တြိပူရ ပြည်နယ် ချန်ဒရာပါးနှင့် ရီရှန်ဗာဂန်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရသည်။ 

မဏိပူရပြည်နယ်တွင်   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်ဖာတောင်ကြားတွင်  ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး အိုးမဲ့အိမ်များပျက်စီးကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ တြိပူရပြည်နယ် တွင် ကယ်ဆယ်ရေးစခန်း ၆၀ ၌   ဒေသခံ  ၁၀၆၀၀ ကို လက်ခံထားရှိသည်။

အာသံပြည်နယ်နှင့် အိမ်နီးချင်း အနျူချယ်ပရာ ဒေ့ရှ်ပြည်နယ်တွင်   မိုးအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့်  မြစ်ကမ်းစပ်နှင့် မြေနိမ့်ပိုင်းများ၌ နေထိုင်သူများကို သတိရှိကြရန်  အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာဗီစဝါဆာမာက သတိပေးထားသည်။

ကိုးကား - သည်ဟိန္ဒူ

ဘာသာပြန် - စိုးသူရ